ရေနံချောင်းမြို့နယ်၌ ဆောင်းသီးနှံကြက်သွန်နီ ၃၃၅၆ ဧက စိုက်ပျိုးထားပြီး သီးနှံများ အောင်မြင်ဖြစ်ထွန်း

ရေနံချောင်း ဖေဖော်ဝါရီ ၁၈

မကွေးတိုင်းဒေသကြီးရေနံချောင်းမြို့နယ်၌ ၂၀၂၄-၂၀၂၅ ခုနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီတွင် မြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု (၁၂) အုပ်စု၌ ဆောင်းကြက်သွန်နီစိုက်ဧက စုစုပေါင်း ၃၃၅၆ ဧက စိုက်ပျိုးထားပြီး သီးနှံများ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။

“ကျွန်တော်တို့ ဆောင်းသီးနှံကြက်သွန်နီကို ဇန်နဝါရီလမှာစပြီးတော့ ပင်းချောင်းတစ်လျှောက်မှာ ပင်းချောင်းရေကိုအမှီပြုပြီး စိုက်ပါတယ်။ စိုက်ပြီးသုံးလအကြာမှာ ရိတ်သိမ်းပါတယ်။ မျိုးအနေနဲ့ကတော့ ရွှေနီမျိုးကို စိုက်ပျိုးပြီး (၅၀)ရက်သားရှိတဲ့ ပျိုးစေ့တစ်ပြည် ပျိုးထောင်ထားတဲ့ ပျိုးဘောင်တစ်ဘောင်ကို ပျိုးပင်ကောင်းရင်ကောင်းသလို ငွေကျပ် ၂၀၀၀၀၀ မှ ၃၀၀၀၀၀ အထိ ဝယ်ယူရပါတယ်။ ကုန်ကျစရိတ်အနေနဲ့ ပျိုးစေ့တစ်ပြည်စိုက် ကြက်သွန်နီစိုက်ခင်းတစ်ခင်းကို မျိုး၊ သွင်းအားစု၊ ထွန်ယက်ခ၊ လုပ်သမားခ အပါအဝင် စုစုပေါင်းငွေကျပ် ၁၅ သိန်ခန့် ကုန်ကျပြီး ပိဿာ ၁၅၀၀ ခန့် ထွက်ရှိပါတယ်။ သီနှံပေါ်ချိန်မှာ လှောင်နိုင်ရင်လှောင်နိုင်သလို အကျိုးအမြတ်များများရရှိပါတယ်။ လက်ရှိကြက်သွန်စိုက်ခင်းတွေက အောင်မြင်ဖြစ်ထွန်းနေပြီး သီးနှံပေါ်ချိန်မှာ အထွက်နှုန်းကောင်းဖို့နဲ့ ဈေးကောင်းရဖို့မျှော်လင့်ပါတယ်ဟု” သုံးဆယ့်ခြောက်ကျေးရွာ ကြက်သွန်စိုက်တောင်သူတစ်ဦးက ပြောကြားခဲ့သည်။

ယခုနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီတွင် ရေနံချောင်းမြို့နယ်အတွင်းရှိ အရှေ့ကုန်း၊ အုတ်ရှစ်ကုန်း၊ သုံးဆယ့်ခြောက်၊ ပင်းဝ၊ မာန်မြေ၊ ကျမ်းကိုင်ကျွန်း၊ ဖောင်းကတော၊ ဘူးကျွန်း၊ ဖောင်းကွဲ၊ ရုံးဆိပ်ကျွန်း၊ ဝက်လွတ်၊ ဝက်မစွတ် စသည့် ကျေးရွာအုပ်စု (၁၂)အုပ်စုတွင် ဆောင်းကြက်သွန်နီ စုစုပေါင်း ၃၃၅၆ ဧက စိုက်ပျိုးထားကြောင်း မြို့နယ်မြေစာရင်းဦးစီးဌာနမှ သိရသည်။

ရေနံချောင်းမြို့နယ်၌ စားဖိုဆောင်သီးနှံဖြစ်သည့် ကြက်သွန်နီကို စီးပွားဖြစ်စိုက်ပျိုးကြသည့်အပြင် ဆန်စပါး၊ ပဲအမျိုးမျိုးနှင့် အခြားဟင်းသီးဟင်းရွက်များကိုလည်း စိုက်ပျိုးကြပြီး  စားသုံးဆီဖူလုံပိုလျှံစေရန်အတွက် မြေပဲ၊ နှမ်း၊ နေကြာ စသည့် ဆီထွက်သီးနှံများကိုလည်း အားထားစိုက်ပျိုးကြကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)