ကြံခင်း ဖေဖော်ဝါရီ ၁၈
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်၊ ရေလယ်ကျွန်းကျေးရွာအုပ်စုရှိ အခြေခံပညာအလယ်တန်းကျောင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာ ဦးစီးဌာနနှင့် စာပေချစ်မြတ်နိုးသူများအသင်း(Book Club)အဖွဲ့တို့ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေး နှင့်လူငယ်များ ဘက်စုံဖွံ့ဖြိုးတိုးတက်လာပြီး ဗလငါးတန်ပြည့်စုံလာစေရန်ရည်ရွယ်ကာ ယနေ့နံနက်ပိုင်းက လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲကို အဆိုပါကျောင်းရှေ့ခန်းမ၌ ပြုလုပ်သည်။
ရှေးဦးစွာ အခြေခံပညာအလယ်တန်းကျောင်း(ရေလယ်ကျွန်း) ကျောင်းအုပ်ဆရာမကြီး ဒေါ်မြင့်မြင့်သန်းက အဖွင့်အမှာစကားပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်ခင်မိုးမြင့်က လူငယ်ရေးရာဟောပြောပွဲ ကျင်းပရခြင်းနှင့်ပတ်သက်၍ ရှင်းလင်း ပြောကြားပြီး “လူငယ်များ စာပေဖတ်ရှုမှ အသိပညာကြွယ်ဝမည်” ခေါင်းစဉ်ဖြင့် ဟောပြောသည်။ ဆက်လက်၍ စာရေးဆရာ ဦးမျိုးဝင်း(ဆောင်နတ်ရှင်-ကြံခင်း)က လူငယ်နှင့်ဘဝခေါင်းစဉ်ဖြင့် ဟောပြောပြီး ကျောင်းအကျိုးတော်ဆောင် ဦးသိန်းဇော်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။
ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် မူးယစ်အန္တရာယ်လူ့ရန်စွယ်၊ မူးယစ်ဆေးဝါး၏ ဆိုးကျိုးများပါဝင်သော မူးယစ်ဆေးဝါးအန္တရာယ်အကြောင်း သိကောင်းစရာများ အသိပညာပေး နံရံကပ်ဓာတ်ပုံနှင့် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး နံရံကပ်စာစောင်များ၊ သုတ ရသ စာအုပ်စာစောင်များကို ပြသပေးခဲ့ရာ ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ ဖတ်ရှုလေ့လာကြကြောင်း သိရသည်။
ဖြိုးဝေလင်း(ပြန်/ဆက်)