ကော့သောင်းမြို့တွင်  ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲပြုလုပ်

ကော့သောင်း ဖေဖော်ဝါရီ  ၁၈

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့တွင် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ယမန်နေ့ မွန်းလွဲပိုင်းက ရွှေပြည်စိုးကျေးရွာရှိ အ.လ.က(ခွဲ) (၇)မိုင်​ကျောင်း၌ ပြုလုပ်ခဲ့သည်။

အသိပညာပေးဟောပြောပွဲတွင် ကော့သောင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်မေဇင်ဦးက ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာများဖြစ်သည့် အရွယ်မတိုင်မီ ကလေးအလုပ်သမားဘဝသို့မရောက်စေရန်အတွက် မိဘများမှ  သတိထားရမည့်အချက်များ၊ ငယ်ရွယ်စဉ်ဘဝတွင်ပညာရေးကို  ဦးစားပေးသင့်သည့် အခြေအနေများ၊  မိဘနှင့်သားသမီးကြား ဆက်ဆံရေး အကြောင်းအရာများ၊ ကလေးငယ်များ လမ်းမှန်ပေါ် ရောက်ရှိစေရန် ထိန်းကျောင်းပေးရမည့်အခြေအနေများကို ရှင်းလင်းဆွေးနွေး ဟောပြောခဲ့သည်။

ဟောပြောပွဲအပြီးတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများခင်းကျင်း ပြသထားသည့် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးနံရံကပ်စာစောင်ကို ကျောင်းသား/ကျောင်းသူများက စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)