ငဖဲမြို့နယ်၌ နွေသီးနှံများစိုက်ပျိုးရာသီတွင် နွေစပါးနှင့်နွေနှမ်း (၁၇၀၃) ဧက လျာထားစိုက်ပျိုးမည်

ငဖဲ ဖေဖော်ဝါရီ ၁၈

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ်၌ ၂၀၂၅ ခုနှစ် နွေသီးနှံများ စိုက်ပျိုးရာသီတွင် နွေစပါး (၁၂၇၁) နှင့်နွေနှမ်း (၄၃၂) ဧက စုစုပေါင်း ၁၇၀၃ ဧက လျာထားစိုက်ပျိုး ဆောင်ရွက်သွားမည်ဖြစ်ရာ ဒေသခံတောင်သူများအနေဖြင့် ဖေဖော်ဝါရီ ဒုတိယပတ်မှ စတင်၍ ထွန်ယက်ဆောင်ရွက်နေကြပြီဖြစ်ကြောင်း သိရသည်။

၂၀၂၅ ခုနှစ် နွေသီးနှံများစိုက်ပျိုးရာသီတွင် ဒေသခံတောင်သူများ သီးနှံများ အဆင်ပြေစွာ ထွန်ယက်စိုက်ပျိုးနိုင်ရေးနှင့် နွေစပါးပျိုးထောင်နိုင်ရေးတို့အတွက် မန်းချောင်းရေလှောင်တမံ၊ ရင့်ရှည်ရေလှောင်တမံနှင့် ဆည်ငယ်၊ ကန်ငယ်များမှ ဆည်ရေများကို သက်ဆိုင်ရာ မြောင်းမကြီးများမှတစ်ဆင့် လယ်ယာမြေ စိုက်ခင်းများသို့  စနစ်တကျဖြန့်ဝေပေးလျက်ရှိရာ ကျေးရွာအုပ်စု (၈) အုပ်စု ကွင်းပေါင်း (၂၅) ကွင်းတွင် နွေစပါးဧက (၁၂၇၁) နှင့် နွေနှမ်း (၄၃၂) ဧက စုစုပေါင်း (၁၇၀၃) ဧကလျာထားစိုက်ပျိုးသွားမည်ဖြစ်သည်။

ငဖဲမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့် ဒေသတွင်းစားနပ်ရိက္ခာဖူလုံရေး၊ လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် သီးနှံအထွက်နှုန်းတိုးတက်ရေးနှင့် သီးနှံစိုက်စွမ်းအားတိုးတက်ရေးတို့ကို ဦးတည်ဆောင်ရွက်လျက်ရှိရာ နွေသီးနှံများစိုက်ပျိုးရေးလုပ်ငန်း အကောင်အထည်ဖော်မှုကော်မတီဖွဲ့စည်း၍ ကြီးကြပ်ဆောင်ရွက်လျက်ရှိပြီး မျိုးကောင်းမျိုးသန့်စပါးမျိုးနှင့် နှမ်းမျိုးများကို ရွေးချယ်စိုက်ပျိုးရေး၊ နွေသီးနှံလျာထားစိုက်ဧကပြည့်မီရေးနှင့် သီးနှံများပန်းတိုင် အထွက်နှုန်း ရရှိရေးအတွက် လိုအပ်သည့် စိုက်ပျိုးရေးနည်းစနစ်များ၊ တောင်သူ အသိပညာပေးလုပ်ငန်းများကို တာဝန်ရှိသူများနှင့် ကွင်းဝန်ထမ်းများက ပူးပေါင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

မယု(ငဖဲ)