ပလောက်မြို့၊ မူလွန်ကျောင်းတွင်(Grade-1) ကျောင်းသား/သူများအား အာဟာရ ကျွေးမွေးခြင်းဆောင်ရွက်

ပလောက် ဖေဖော်ဝါရီ ၁၈

ကျောင်းနေအရွယ်ကလေးများ အာဟာရဖွံ့ဖြိုးတိုးတက်စေရေးအစီအစဉ်ဖြင့် ယနေ့ဖေဖော်ဝါရီလ ၁၇ ရက်နေ့တွင် ပလောက်မြို့အတွင်းရှိ အခြေခံပညာကျောင်းများတွင် (Grade-1) ကျောင်းသား၊ ကျောင်းသူများအား အာဟာရများကျွေးမွေးလျက်ရှိရာ ပလောက်မြို့၊ အခြေခံ ပညာမူလတန်းလွန်ကျောင်းတွင် ယနေ့နံနက် ၁၀ နာရီခွဲခန့်က ၎င်းကျောင်းရှိ (Grade-1)ကျောင်းသူ/ ကျောင်းသားတို့အား ကျောင်းတွင်း အာဟာရကျွေးမွေးပေးကြသည်။

ထိုသို့ အာဟာရကျွေးမွေးရာတွင် (Grade-1) ကျောင်းသား၊ ကျောင်းသူများအား အာဟာရပြည့်ဝမျှတ၍ ကျန်းမာရေးနှင့်ညီညွတ်မှုရှိသော  ထမင်း၊ပဲဟင်းချို၊ ကန်စွန်းရွက်ကြော်၊ ကြက်ဥဟင်း၊ ငှက်ပျောသီးအစရှိသည်တို့ကို ဆရာ၊ဆရာမများနှင့် ကျောင်းသားမိဘများက ပူးပေါင်းချက်ပြုတ် ကျွေးမွေးခဲ့ကြပြီးထိုသို့ အာဟာရများချက်ပြုတ်၊ ကျွေးမွေးနေမှုကို ကျောင်းအုပ်ဆရာကြီးနှင့် ဆရာ၊ဆရာမများ၊ကျောင်းသားမိဘများက အားပေးကြည့်ရှုခဲ့ကြသည်။

ကျောင်းနေအရွယ်ကလေးများအာဟာရ ဖွံ့ဖြိုးတိုးတက်စေရေးအစီအစဉ်ဖြင့် ကျောင်းသား/သူများအားလုံးကျန်းမာသန်စွမ်းပြီး အာဟာရပြည့်ဝစေရေး၊ ကျန်းမာရေးနှင့် ညီညွတ်သော အမူအကျင့်များ စွဲမြဲကျင့်သုံးတတ်စေရန်အတွက် ပညာရေးနှင့်ကျန်းမာရေး ဌာနအပါအဝင် ကဏ္ဍပေါင်းစုံပူးပေါင်းဆောင်ရွက်ကြရန်၊ မူလတန်းကျောင်းသား/သူများ၏ ကြီးထွားဖွံ့ဖြိုးကျန်းမာမှုနှင့် ပညာရေးတိုးတက်မှုများအတွက် ကျောင်းသား/သူများနှင့် ၎င်းတို့ မိသားစုများ၏ ကျန်းမာရေးနှင့်ညီညွတ်သော အစားအသောက်ပုံစံများမြှင့်တင်ရန် ရည်ရွယ်ချက်ဖြင့် ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။

နှင်းမြူလွင် (ပလောက်)