လိပ်သို ဖေဖော်ဝါရီ ၁၈
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လူငယ်များ၊ ကျောင်းသား/ ကျောင်းသူများ စာဖတ်သည့်အလေ့အကျင့်များ ရရှိစေရန်နှင့် စာပေဝါသနာပါသူအချင်းချင်းရင်းနှီးစေရန်အတွက် Book Club အဖွဲ့ဝင်များ နှင့်ပူးပေါင်း၍ စာရေးဆရာ လူထုစိန်ဝင်း ရေးသားသော “မျှော်လင့်ချက်မဲ့အခြေအနေဆိုတာ မရှိဘူး” စာအုပ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယနေ့နံနက် ၁၀ နာရီက မြို့ဦးစီးဌာနရုံးရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
စာဖတ်ဝိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီးမှူး ဒေါ်နွယ်နွယ်ခိုင်က စာဖတ်ဝိုင်းပြုလုပ်ခြင်းဖြင့် တစ်ဦးနှင့်တစ်ဦး အတွေးအခေါ်အယူအဆများကို နှီးနှောဖလှယ်နိုင်ခြင်း၊ လူငယ်များအနေဖြင့် အားလပ်ချိန်ကို အကျိုးမဲ့ မဖြစ်စေပဲ နီးစပ်ရာလက်လှမ်းမီရာ စာအုပ်စာပေများကို ဖတ်ရှုသင့်ကြောင်း၊ စာဖတ်ခြင်းဖြင့် ဘဝ၏ အလေးနက်ဆုံး အကြောင်းအရာများကို သိရှိနားလည်နိုင်စွမ်းများ ရှိလာနိုင်မှာဖြစ်ကြောင်းနှင့် စာဖတ်ဝိုင်း ပြုလုပ်ရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ စာဖတ်ဝိုင်းပြုလုပ်ရာ Book Club အဖွဲ့ဝင် စောအောင်ကိုဦးက “ရိုးသားမှုက အရေးအကြီးဆုံး ” ခေါင်းစဉ်အောက်မှ “ပညာတွေ ဘယ်လောက်ပဲ ထူးချွန်နေပါစေ ရိုးသားဖြူစင်မှုနဲ့ အများအပေါ် စေတနာမရှိရင် ဘယ်တော့မှ လူ့အဖိုးတန် ဖြစ်မလာနိုင်ကြောင်း၊ လူ့လောကအတွက် တန်ဖိုးရှိတဲ့သူဆိုတာ ပိုက်ဆံတွေ သိပ်ချမ်းသာတာ၊ ရာထူးအာဏာတွေ သိပ်ကြီးမားတာတွေထက် လောကကြီးအတွက်၊ လူသားတွေအတွက် ကိုယ့်မှာရှိသမျှ အင်အားလေးနဲ့ အစွမ်းကုန် အကျိုးပြုတဲ့သူမျိုးကိုသာ တန်ဖိုး ရှိတဲ့လူလို့ သတ်မှတ်တာဖြစ်ကြောင်း” စသည့် အကြောင်းအရာများကို ဆွေးနွေးခဲ့ရာ Book Club အဖွဲ့ဝင်များက မိမိတို့၏ အတွေးအမြင်၊ အယူအဆ၊ ခံယူချက်စိတ်ထားများကို အချင်းချင်း အပြန်အလှန် ဆွေးနွေးခဲ့ကြသည်။
စာရေးဆရာ လူထုစိန်ဝင်း ရေးသားသော “မျှော်လင့်ချက်မဲ့တဲ့အခြေအနေဆိုတာမရှိဘူး” စာအုပ်အား ဖတ်ရှုခြင်းဖြင့် အခက်အခဲတစ်ခု၊ ပြဿနာတစ်ခုကို ပြေလည်အောင် ဖြေရှင်းရန်မှာ အသိပညာရေချိန် အတိုင်းအတာတစ်ခုအထိရှိဖို့ လိုအပ်ပြီး အကျပ် အတည်းကို အခွင့်အလမ်းအဖြစ် ပြောင်းလဲနိုင်လျှင် အောင်မြင်မှုကို မလွဲအသွေ ရရှိမှာဖြစ်ကြောင်း သိရသည်။
ခင်လေးနွယ်