စစ်ကိုင်းတိုင်းဒေသကြီး လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးခင်မောင်အေး တိုင်းဒေသကြီးကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းကြီးကြပ်မှုကော်မတီ အစည်းအဝေးအမှတ်စဥ် (၁/၂၀၂၅)တက်ရောက်

မုံရွာ ဖေဖော်ဝါရီ ၁၈

စစ်ကိုင်းတိုင်းဒေသကြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းကြီးကြပ်မှုကော်မတီ အစည်းအဝေးအမှတ်စဥ်(၁/၂၀၂၅)ကို ယနေ့နံနက်(၉)နာရီခွဲက တိုင်းဒေသကြီး ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ကျင်းပရာ အစည်းအဝေးသို့ စစ်ကိုင်းတိုင်းဒေသကြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ တိုင်းဒေသကြီးလမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးခင်မောင်အေး၊ အတွင်းရေးမှူး ဦးသိန်းထိုက်ဦး၊ တိုင်းဒေသကြီးအဆင့် မိတ်ဖက်ဌာနဆိုင်ရာ ကော်မတီအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ဦးစွာအစည်းအဝေးတွင် စစ်ကိုင်းတိုင်းဒေသကြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ တိုင်းဒေသကြီးလမ်းပန်း ဆက်သွယ်ရေးဝန်ကြီး ဦးခင်မောင်အေးက မိမိတို့ကော်မတီအနေနဲ့ နိုင်ငံတော်ကချမှတ်ထားတဲ့ ကျေးလက်ဒေသ ဖွံ့ဖြိုးရေးဆိုင်ရာ မူဝါဒ၊ လုပ်ငန်းစဉ်များကို ကော်မတီ၏ လုပ်ငန်းတာဝန်များနဲ့ ချိတ်ဆက်ပြီး ပိုမိုထိရောက်အောင်မြင်အောင်ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ကျေးလက်ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများကို အကောင် အထည်ဖော်ဆောင်ရွက်ရာမှ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက် လာစေရေးအတွက် တွေ့ကြုံရတဲ့ အခက်အခဲနှင့်အားသာချက်၊ အားနည်းချက်များကို အကြံပြုဆွေးနွေးကြရန်နှင့် ရှေ့ဆက်ဆောင်ရွက်ရမယ့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ်များ အကောင်အထည်ဖော်ဆောင်ရွက်ရာမှာ ကြီးကြပ်မှုကော်မတီရဲ့ လုပ်ငန်းတာဝန်များအတိုင်း ကော်မတီဝင်များမှ သုံးသပ်ဆွေးနွေးဖို့ လိုအပ်သလို အကြံပြုကြီးကြပ်ခြင်းတို့ဖြင့် ပူးပေါင်းပါဝင်ဆောင်ရွက်ပေးကြရန် တိုက်တွန်းအမှာစကား ပြောကြားခဲ့သည်။
ဆက်လက်ပြီး စစ်ကိုင်းတိုင်းဒေသကြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းကြီးကြပ်မှုကော်မတီ အတွင်းရေးမှူး တိုင်းဒေသကြီး ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးသိန်းထိုက်ဦးက ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် လုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှုနှင့် ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်ရန် လျာထားသည့်လုပ်ငန်းများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြသည်။

ထို့နောက်တက်ရောက်လာကြသော တိုင်းဒေသကြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းကြီးကြပ်မှုကော်မတီအဖွဲ့ဝင်များက သက်ဆိုင်ရာလုပ်ငန်းကဏ္ဍများအလိုက် လုပ်ငန်းများဆောင်ရွက်ပြီးစီးမှု အခြေအနေတို့နှင့် အထွေထွေဆွေးနွေးတင်ပြချက်များအပေါ် တိုင်းဒေသကြီး လမ်းပန်းဆက်သွယ်ရေးဝန်ကြီးက လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးပြီးနောက် ပြည်ထောင်စုအဆင့် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းကြီးကြပ်ကော်မတီ၏မူဝါဒများနှင့်အညီ လုပ်ငန်းစဥ်(၁၀)ခုကို အတည်ပြုဆုံးဖြတ်ပေးကာ နိဂုံးချုပ်အမှာစကားပြောကြားပြီး အစည်းအဝေးကို ရုပ်သိမ်းလိုက်ကြောင်း သိရသည်။
တိုင်းဒေသကြီး ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအနေဖြင့် တိုင်းဒေသကြီးအတွင်း ခရိုင်နှင့်မြို့ယ်များရှိ ကျေးရွာများတွင် ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် ကျေးလက်ကုန်ထုတ်လမ်း ၄မိုင် ၃.၉ ဖာလုံ၊ ကျေးလက်ကုန်ထုတ်တံတား ၁ စင်း၊ ကျေးလက်ရေရရှိရေး (၉)ခု၊ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်း(VDP) (၂၇)ခု၊ အသက်မွေးဝမ်းကျောင်း သင်တန်း(၇)ကြိမ်၊ ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရေး သင်တန်း(၇)ကြိမ် ဆောင်ရွက် ပြီးစီးခဲ့ကာ သက်ဆိုင်ရာလုပ်ငန်းကဏ္ဍများအလိုက် လျာထားချက်အတိုင်း ဆက်လက် ဆောင်ရွက်ပေးလျက်ရှိကြောင်းနှင့် ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်တွင် တိုင်းဒေသကြီးအတွင်း ကျေးလက်ကုန်ထုတ်လမ်း ၁၈ မိုင်၊၁.၈၈ ဖာလုံ၊ ကျေးလက်ကုန်ထုတ်တံတား ၅ စင်း၊ ကျေးလက်ရေရရှိရေး (၁၈)ခု၊ မြစိမ်းရောင်ကျေးရွာစီမံကိန်း(၅)ရွာ၊ RBF (ကျေးလက်စီးပွား မြင့်မားရေးရန်ပုံငွေထူထောင်ခြင်း (၁)ရွာ၊SMART Village (ခေတ်မီစံပြကျေးရွာထူထောင်ရေး စီမံကိန်း)(၂)ရွာ၊ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP)(၂၃)ရွာ၊ အသက်မွေးဝမ်းကျောင်းသင်တန်း(၁၃)ကြိမ်၊ ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရေး သင်တန်း(၁၂)ကြိမ် လျာထားဆောင်ရွက်ပေးမည်ဖြစ်ကြောင်း သိရသည်။

 ခရိုင်(ပြန်/ဆက်)