သံတောင်ကြီး ဖေဖော်ဝါရီ ၁၈
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်တွင် စာကြည့်တိုက်များ ရှင်သန်ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေး၊ ကျောင်းသူ၊ကျောင်းသားများ စာကြည့်တိုက်နှင့်ရင်းနှီးကျွမ်းဝင်စေရန်၊ စာဖတ်ခြင်းအလေ့အကျင့်ကောင်းများရှိစေရန်အတွက် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် သံတောင်ကြီးမြို့ အခြေခံပညာအထက်တန်းကျောင်းတို့ ပူးပေါင်းပြီး စာရေးဆရာတက်တိုး၏ စာဖတ်စည်းစိမ်စာအုပ်အား ယမန်နေ့မွန်းလွဲ(၁) နာရီအချိန်က သံတောင်ကြီးမြို့ အခြေခံပညာအထက်တန်းကျောင်း စာကြည့်တိုက်ခန်းမတွင် ပြုလုပ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ဦးစွာ သံတောင်ကြီးမြို့အခြေခံပညာအထက်တန်းကျောင်း မှကျောင်းအုပ်ဆရာမကြီး ဒေါ်လိုအေးက အမှာစကားပြောကြားခဲ့ပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်နော်နီလာအေးမှ စာဖတ်ဝိုင်း ပြုလုပ်ရခြင်း ရည်ရွယ်ချက်ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်နော်လော်မူမှ ဦးဆောင်၍ စာရေးဆရာတက်တိုး၏ စာဖတ်စည်းစိမ်စာအုပ်အား စာဖတ်ဝိုင်းပြုလုပ်ပေးရာ(Grade– 9) ကျောင်းသူ နော်မူးဖောက စာအုပ်ပါအကြောင်းအရာတွင် ခေါင်းစဉ်ငယ်ဖြစ်သည့် “မင်းကိုယ်မင်းပြန်ကြည့်စမ်းပါ”၊ (Grade–10) ကျောင်းသား မောင်စောထူးဝါးက “အနုပညာနှင့် စာပေ”၊ (Grade– 9)ကျောင်းသား မောင်စောအယ်လူက “ကျွန်ုပ်တို့ကံကောင်းကြပေသည်” စသည့်အကြောင်းအရာများကိုဆွေးနွေးပြီး တက်ရောက်လာသည့် ကျောင်းသူ/ကျောင်းသားများက စာအုပ်ပါအကြောင်းအရာများကို အပြန်အလှန်ဆွေးနွေးခဲ့ကြသည်။
အဆိုပါ စာရေးဆရာတက်တိုး၏ စာဖတ်စည်းစိမ်စာအုပ်ကိုဖတ်ရှုခြင်းဖြင့် ကျောင်းသူ/ကျောင်းသားများ အသိပညာဗဟုသုတများတိုးပွားလာခြင်း၊ စာဖတ်ခြင်းကြောင့် အောင်မြင်သောဘဝကို ဖန်တီးနိုင်းခြင်း၊ စည်းကမ်းရှိရှိ နေထိုင်တတ်ခြင်း စသည့်အကျိုးကျေးဇူးများ ရရှိသည်။
နော်နော်မူ