ပုသိမ် ဖေဖော်ဝါရီ ၁၈
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် ယမန်နေ့နံနက်ပိုင်းက တာဝန်ရှိသူများနှင့်အတူ မြန်အောင်ခရိုင်၊ အင်္ဂပူမြို့နယ်၊ ထန်းပင်ကန်ကျေးရွာအုပ်စု၊ ရွှေလှေကွင်းကျေးရွာရှိ တောင်သူများ၏နေကြာစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းနေမှုများကို ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
ဦးစွာတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် မြန်အောင်ခရိုင်၊ အင်္ဂပူမြို့နယ်၊ ထန်းပင်ကန်ကျေးရွာအုပ်စု၊ ရွှေလှေကွင်းကျေးရွာရှိ တောင်သူဦးသက်ပိုင်ဝင်း၏ စိုက်ဧက(၅)ဧကတွင် စိုက်ပျိုးထားသည့် Super Sun-41 နေကြာစိုက်ခင်းအားလည်းကောင်း၊ တောင်သူဦးဌေးဉီး၏ စိုက်ဧက(၅)ဧကတွင် စိုက်ပျိုးထားသည့် ဆင်းရွှေကြာ(၂)နေကြာစိုက်ခင်းအားလည်းကောင်း ကြည့်ရှု အားပေးခဲ့ပြီး ပိုးမွှားအန္တရာယ်မကျရောက်စေရေး၊ ရေ၊ မြေဩဇာ အချိန်ကိုက် ထည့်သွင်း အသုံးပြုနိုင်ရေးနှင့် အောင်မြင်ဖြစ်ထွန်းအောင်စိုက်ပျိုးကြရန် မှာကြားခဲ့သည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်ဇနီး၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၏ဇနီးများသည် အင်္ဂပူမြို့နယ်၊ ထူးကြီးမြို့၊ အမှတ်(၃)ရပ်ကွက်ရှိ ဝါဆိုမဟာစည်သာသနာ့ရိပ်သာ ကျောင်းတိုက်သို့ သွားရောက်၍ ဆွမ်းအလှူတော်ဆက်ကပ်ခြင်း အခမ်းအနားသို့ တက်ရောက်ခဲ့သည်။
ဦးစွာ အခမ်းအနားကို “ နမောတဿ”သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ ဖွင့်လှစ်ခဲ့ပြီးနောက် မဟာစည်သာသနာ့ရိပ်သာကျောင်းတိုက် ဆရာတော်ဘဒ္ဒန္တသုဇာတထံမှ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်ဧည့်ပရိသတ်များက ငါးပါးသီလခံယူဆောက်တည်ခဲ့ကြပြီး ဆရာတော်၊ သံဃာတော် အရှင်သူမြတ်များ ရွတ်ပွားချီးမြှင့်တော်မူသော ပရိတ်တရားတော်များအား ဆက်လက်နာယူ ကြည်ညိုကြခဲ့ကြသည်။ ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်ဇနီးက ဆရာတော်၊ သံဃာတော် အရှင်သူမြတ်များအား ဆန်၊ ဆီ၊ လှူဖွယ်ပစ္စည်းနှင့် ဝတ္ထုငွေများ ဆက်ကပ်လှူဒါန်းခဲ့ကြသည်။
ဆက်လက်၍ ဝါဆိုမဟာစည်သာသနာ့ရိပ်သာကျောင်းတိုက် ဆရာတော်ဘဒ္ဒန္တသုဇာတထံမှ အနုမောဒနာ တရားနာကြားခဲ့ကာ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေခဲ့ကြပြီး အခမ်းအနားကို “ဗုဒ္ဓသာသနံစိရံတိဋ္ဌတု” သုံးကြိမ်ရွတ်ဆိုဆုတောင်း၍ ရုပ်သိမ်းခဲ့သည်။ ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဆရာတော်သံဃာတော် အရှင်သူမြတ်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
လှမင်းထွဋ်(ပြန်/ဆက်)