မင်းဘူး ဖေဖော်ဝါရီ ၁၈
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်၌ ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို စာစစ်ဌာန (၃)ခုတွင် စာရင်းရှိ ကျောင်းသား၊ ကျောင်းသူပေါင်း ၁၁၈၃ ဦး ဝင်ရောက်ဖြေဆိုမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးရုံးမှ သိရသည်။
မင်းဘူး(စကု)မြို့နယ်၌ ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို စာစစ်ဌာန (၃)ခု ဖွင့်လှစ်၍ ကျင်းပပြုလုပ်သွားမည်ဖြစ်ရာ မင်းဘူးမြို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း စာစစ်ဌာန၌ ၆၉၁ ဦး၊ စကုမြို့ အခြေခံပညာနှင့်စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်း စာစစ်ဌာန၌ ၃၇၇ ဦးနှင့် အခြေခံပညာအထက်တန်းကျောင်း(မုန်တောင်)စာစစ်ဌာန၌ ၁၁၅ ဦးဖြင့် ကျောင်းတွင်း၊ ကျောင်းပြင် ဝင်ရောက်ဖြေဆိုမည့် စာရင်းရှိ ကျောင်းသားပေါင်း ၅၃၈ ဦး၊ ကျောင်းသူပေါင်း ၆၄၅ ဦး စုစုပေါင်း ၁၁၈၃ ဦးရှိကြောင်း သိရှိရသည်။
မင်းဘူး(စကု)မြို့နယ်၌ ယခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက်မြင့်မာရေးအတွက် မြို့နယ်အတွင်းရှိ အခြေခံပညာအထက်တန်းကျောင်းများနှင့် အခြေခံပညာအထက်တန်းကျောင်း(ခွဲ)များ၌ အဆိုပါ ကျောင်းသား၊ ကျောင်းသူများအနေဖြင့် စာမေးပွဲကြီးဖြေဆိုရာတွင် အထောက်အကူဖြစ်စေရန်နှင့် စာမေးပွဲမေးခွန်း အတွေ့အကြုံကောင်းများရရှိစေရန် တိုင်းဒေသကြီးမေးခွန်းပုံစံဖြင့် ဖေဖော်ဝါရီလ ၁၃ ရက်မှ ၁၉ ရက်နေ့အထိ တစ်ချိန်တည်း (တစ်ပြိုင်နက်တည်း) အကြိုစာမေးပွဲများ လေ့ကျင့်ဖြေဆိုလျက်ရှိကြောင်း မြို့နယ်ပညာရေးမှူး ဒေါ်သွယ်သွယ်က ပြောကြားခဲ့သည်။
နိုင်ငံတစ်ဝှမ်းလုံး၌ ယခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို ၂၀၂၅ ခုနှစ်၊ မတ်လ ၁၇ ရက်မှ ၂၂ ရက်နေ့အထိ ဘာသာရပ်အလိုက် နေ့စဉ်နံနက် (၉)နာရီမှ မွန်းတည့် (၁၂)နာရီအချိန်အထိ (၆)ရက်ကြာ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း၊ စာမေးပွဲဖြေဆိုမည့်သူများ၏ လျောက်လွှာတင်သွင်းခွင့်ကို မတ်လ ၁၆ ရက်နေ့အထိ သတ်မှတ်ထားကာ အကြောင်းအမျိုးမျိုးကြောင့် စာစစ်ဌာန ရွှေ့ပြောင်းဖြေဆိုမည့်သူများကို သတ်မှတ်ထားသောရက်အတွင်း လက်ခံဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
မောင်မောင်(မင်းဘူး)