ကန့်ဘလူမြို့နယ်၌ အထူးကုဆရာဝန်ကြီးများက ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ အခမဲ့ဆောင်ရွက်ပေးမည်

ကန့်ဘလူ ဖေဖော်ဝါရီ ၁၈

စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ်တွင် အခြေပြု၍ တိုင်းဒေသကြီးကျန်းမာရေးဦးစီးဌာနမှ ဆေးရုံအုပ်ကြီးများက ဦးဆောင်၍ အထူးကုဆရာဝန်ကြီးများက ရဟန်းရှင်လူ ပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ အခမဲ့ဆောင်ရွက်ပေးခြင်းးကို ဖေဖော်ဝါရီ ၂၂ ရက်မှ ၂၆ ရက်နေ့ထိ ငါးရက်တိုင်တိုင် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ကန့်ဘလူမြို့နယ် ကျန်းမာရေးဦးစီးဌာန ခုတင် ၁၀၀ ဆေးရုံအုပ်ကြီး ဒေါက်တာနေမိုးထံမှ သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် မျက်စိခွဲစိတ်အထူးကုဆရာဝန်ငါးဦး၊ အထွေထွေသမားတော်တစ်ဦး၊ ကလေးအထူးကုဆရာဝန်တစ်ဦးနှင့် သားဖွားမီးယပ် အထူးကုဆရာဝန်တစ်ဦးတို့က မျက်စိအခမဲ့ကုသခြင်းနှင့် နယ်လှည့်စစ်ဆေးကုသခြင်း အစီအစဥ်ဖြင့် ဆောင်ရွက်ခြင်းဖြစ်ပြီး ကန့်ဘလူမြို့နယ် ခုတင် ၁၀၀ ပြည်သူ့ဆေးရုံမှ ဆရာဝန်များဖြင့် ပူးပေါင်းကာ ဆောင်ရွက်ပေးမည်ဖြစ်သည်။

မည်သူမဆိုလာရောက်ပြသနိုင်ပြီး ကန့်ဘလူမြို့ မြို့တော်ခန်းမ၌ စမ်းသပ်စစ်ဆေးကုသခြင်းနှင့် အသေးစား၊ အကြီးစားခွဲစိတ်ခြင်းလုပ်ငန်းများကို ခုတင် ၁၀၀ ပြည်သူ့ဆေးရုံတွင် ပြုလုပ်ပေးမည်ဖြစ်ကြောင်း သိရသည်။

အောင်ဝင်းငြိမ်း(ကန့်ဘလူ)