စစ်ကိုင်းမြို့နယ်၌ စားဖိုဆောင်သုံး ဟင်းသီးဟင်းရွက်စိုက်ခင်းများ ယခင်နှစ်ကထက် ပိုမိုစိုက်ပျိုးနိုင်ခဲ့

စစ်ကိုင်း ဖေဖော်ဝါရီ ၁၈

စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့နယ်၌ (၂၀၂၄-၂၀၂၅) ခုနှစ်၊ ဆောင်းရာသီစိုက်ပျိုးချိန်တွင် စားဖိုဆောင်သုံး ဟင်းသီးဟင်းရွက် စိုက်ဧက (၇၉၁၇)ဧက စိုက်ပျိုးရန် လျာထားခဲ့ရာ လျာထားဧကထက် ပိုမိုကာ (၁၂၁၄၁)ဧက စိုက်ပျိုးနိုင်ခဲ့ကြောင်း  မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

“စစ်ကိုင်းမြို့နယ်အတွင်းမှာ စားဖိုဆောင်သုံး ဟင်းသီးဟင်းရွက် (၇၉၁၇)ဧက စိုက်ပျိုးရန် လျာထားရာမှာ လျာထားဧကထက် ပိုမိုစိုက်ပျိုးနိုင်ခဲ့ပြီး အောင်မြင်ဖြစ်ထွန်းမှုလည်းရှိပါတယ်။ အာဟာရပြည့်ဝ၍ ကျန်းမာရေးနှင့်ညီညွတ်သော စိုက်ပျိုးရေးထွက်ကုန်များ ရရှိလာစေရန်နှင့် သွင်းအားစုကုန်ကျစရိတ် လျော့ပါးသက်သာစေရန် လယ်ယာသုံးစွန့်ပစ်ပစ္စည်းများဖြစ်သည့် သစ်ရွက်ခြောက်များပါဝင်သော E M ဘိုကာရှီ သဘာဝမြေဩဇာနှင့် စားဖိုဆောင်သုံး စွန့်ပစ်ပစ္စည်း ငါးအခြေခံသော ငါးအမိုင်နို ရွက်ဖျန်းအားဆေး ပြုလုပ်သုံးစွဲနည်းများကိုလည်း နည်းပညာပေး ဆောင်ရွက်လျက်ရှိကြောင်း” မြို့နယ်စိုက်ပျိုး ရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးမျိုးသန့်အောင်က ပြောပြသည်။

စစ်ကိုင်းမြို့နယ်တွင် ယခင်နှစ် ဆောင်းရာသီစိုက်ပျိုးချိန်တွင်လည်း စားဖိုဆောင်သုံး ဟင်းသီးဟင်းရွက် (၁၂၁၃၉)ဧက စိုက်ပျိုးနိုင်ခဲ့ပြီး တစ်နှစ်ထက်တစ်နှစ် ပိုမိုစိုက်ပျိုးအောင်မြင်နိုင်ရေးအတွက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနက စိုက်နည်းစနစ်မှန်ကန်ရေးနှင့် မျိုးကောင်းမျိုးသန့်ရရှိရေး ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။       

ဇော်မြင့်နိုင်(ပြန်/ဆက်)