ရေဦးမြို့နယ်ရှိ ယာယီနေရပ်စွန့်ခွာပြည်သူများအား နိုင်ငံတော်မှထောက်ပံ့ငွေများပေးအပ်

ရေဦး ဖေဖော်ဝါရီ ၁၇

အကြမ်းဖက်ဖြစ်စဉ်များကြောင့် ရောက်ရှိနေသည့် ယာယီနေရပ်စွန့်ခွာ ပြည်သူများအား နိုင်ငံတော်မှထောက်ပံ့ငွေများပေးအပ်ခြင်း အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက စစ်ကိုင်းတိုင်းဒေသကြီး၊ ရေဦးခရိုင်၊ ရေဦးမြို့၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ရွှေနဒီဦးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါချီးမြှင့်ငွေပေးအပ်ပွဲအခမ်းအနားသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းသူရနှင့် တာဝန်ရှိသူများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းနိုင်ထွန်းနှင့်တာဝန်ရှိသူများ၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးများ၊ တိုက်ပွဲရှောင်မိသားစုများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

အခမ်းအနားတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းသူရက “အကြောင်းအမျိုးမျိုးကြောင့် နေရပ်စွန့်ခွာလာကြတဲ့ မိဘပြည်သူများတွက် များစွာစိတ်မကောင်းဖြစ်မိပါကြောင်း စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်ကြီးကြပ်မှုဖြင့် လိုအပ်ချက်များကို လေ့လာသုံးသပ်ပြီး ဆက်လက်အကူအညီပေးသွားဖို့ရှိကြောင်း၊ နိုင်ငံတော်ကြီး အေးချမ်းသာယာပြီး ပိုမိုကောင်းမွန်သော လူနေမှုဘဝများ ဖြစ်ပေါ်စေရေးအတွက် ဆောင်ရွက်လျက်ရှိပါကြောင်း၊ လူသားချင်းစာနာထောက်ထားမှု အကူအညီပေးရေးကိုလည်း ဆက်လက်ဆောင်ရွက်ပေးနိုင်ရေး ဝိုင်းဝန်းကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း” ပြောကြားခဲ့သည်။

ထို့နောက်တာဝန်ရှိသူများက ယာယီနေရပ်စွန့်ခွာပြည်သူတစ်ဦးလျှင် ထောက်ပံ့ငွေကျပ် (၂၀၀၀၀/-)နှစ်သောင်းနှုန်းဖြင့် လူဦးရေ ၆၅ ဦးအတွက် ချီးမြှင့်ငွေကျပ် ၁၃၀၀၀၀၀/- ကျပ် တစ်ဆယ့်သုံးသိန်းကို ထောက်ပံ့ပေးအပ်ခဲ့‌ကြောင်း၊ ရေဦးမြို့တွင် ယာယီနေရပ်စွန့်ခွာမိသားစု၀င် လူဦးရေ စုစုပေါင်း ၄၀၀ ကျော်ရှိပြီး ယခု ၆၅ ဦးအတွက် ထောက်ပံ့ငွေပေးအပ်ခြင်းဖြစ်ပြီး ကျန်ရှိနေ‌သော ယာယီနေရပ်စွန့်ခွာမိသားစုများအတွက် ထောက်ပံ့ငွေပေးအပ်နိုင်‌ရေး စိစစ်ဆောင်ရွက်လျက်ရှိကြောင်း သိရကြသည်။

သန်းသန်း