သာပေါင်း ဖေဖော်ဝါရီ ၁၂
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်တွင် မြန်မာ့ရိုးရာ တပို့တွဲလ ထမနဲထိုးပြိုင်ပွဲကို ယနေ့ သာသနာနှစ် ၂၅၆၈၊ သက္ကရာဇ် ၁၃၈၆ ခုနှစ်၊ တပို့တွဲ လပြည့်နေ့၊ ဩဝါဒပါတိမောက်နေ့၊ ပြည်ထောင်စုနေ့ ဖေဖော်ဝါရီလ ၁၂ ရက်နေ့၊ ညနေ ၃ နာရီအချိန်က ပြည်သူ့ပန်းခြံ၊ လွတ်လပ်ရေးကျောက်တိုင်ရင်ပြင်၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဦးဆောင်၍ ကျင်းပခဲ့သည်။
မြန်မာ့ရိုးရာတပို့တွဲလ ထမနဲထိုးပြိုင်ပွဲပါဝင်ယှဉ်ပြိုင်ကြမည့် အသင်းများအား အကဲဖြတ်ဒိုင်အဖွဲ့က “ထမနဲထိုးပြိုင်ပွဲစည်းကမ်းချက်များ”၁။ ထမနဲထိုးမည့် ခေါင်းဆောင်နှင့် ထိုးသား (၅) ဦး၊စုစုပေါင်း (၆) ဦး ပါဝင်ယှဉ်ပြိုင်ရန်။ ၂။ ဒယ်အိုးကြီး(၁)လုံး(အဖုံးပါ)ယူဆောင်လာရန်။ ၃။ ယောင်းမကြီး (၂) ချောင်း (သို့မဟုတ်) ကျူရိုးဝါး (သင့်လျော်သည့်အရာ) ကို အသုံးပြုနိုင်သည်။ (၂) ချောင်းထက်မပိုရ။ ၄။ မီးဖို (၁) လုံး။ ၅။ ငှက်ပျောရွက်။ ၆။ မီးမွှေးရာတွင် ထင်းရှူးဆီကို အသုံးပြုလိုက အသုံးပြုနိုင်သည်။ ၇။ ဆန်ရေစိမ်ရာတွင်လည်းကောင်း၊ ထမနဲထိုးရာတွင်လည်းကောင်း ရေနွေးကိုအသုံးပြုနိုင်သည်။ ၈။ ထမနဲအကျက်မြန်စေရန်အတွက် ကျူရိုးကိုအသုံးပြုလိုက အသုံးပြုနိုင်သည်။ ၉။ အထက်ဖော်ပြပါ ကြိုတင်ဆောင်ရွက်ရမည့်လုပ်ငန်းများအတွက် ပါလာသည့်မီးဖိုတွင် အသုံးပြုရန်နှင့် ထမနဲထိုးပြိုင်ပွဲဝင်မည့် ပေပါပြတ်မီးဖိုကို မိမိအစီအစဉ်ဖြင့် အသုံးပြုရန်။ ၁၀။ ပြိုင်ပွဲစတင်ချိန်မှပြီးဆုံးချိန်အထိကာလကို (၁) နာရီသတ်မှတ်ထားခြင်း။ ၁၁။ ကြိုတင်ပြင်ဆင်မှုလုပ်ငန်းများဖြစ်သည့် အုန်းဆံကြော်၊အုန်းဆံစိမ်း (မိမိကြိုက်နှစ်သက်ရာ)ဆန်ရေစိမ်ခြင်း၊ မြေပဲလှော်ခြင်း၊ နှမ်းလှော်ခြင်း၊ ဂျင်းလှီးခြင်းစသည်တို့ကို ကြိုတင်ဆောင်ရွက်ရန်။ ၁၂။ ညနေ (၄:၀၀) နာရီစတင်မီးမွှေးပြီး(၅:၀၀)နာရီအပြီး သန့်ရှင်းရေးပြုလုပ်ပြီးဖြစ်ရမည်။ ၁၃။ ပြိုင်ပွဲစတင်ရန် အချက်ပေးသည့်အချိန်မှသာ စတင်ဆောင်ရွက်ရန်။
၁၄။ ပြိုင်ပွဲစတင်ချိန်မှပြီးစီးသည့်အချိန်ထိ ဒယ်ဒိုင်များမှ မှတ်တမ်းတင်အမှတ်ပေးသွားရန်။ ၁၅။ အသင်းသားအားလုံးသည် အကဲဖြတ်ဒိုင်လူကြီး၏ ဆုံးဖြတ်ချက်ကိုလိုက်နာရန်။ ၁၆။ ဒိုင်လူကြီးများအကဲဖြတ်နိုင်ရန် ပြိုင်ပွဲဝင်မည့် နမူနာပုံစံ(၁)ပန်းကန်စီပေးအပ်ရန်။ ၁၇။ နမူနာပေးသည့် ထမင်းပန်းကန်၏ အောက်ခြေတွင် အသင်း၏ ပြိုင်ပွဲဝင်နံပါတ်ကို ရေးသားရန်။ ၁၈။ ပြိုင်ပွဲဝင်စိတ်ဓာတ်ဖြင့် စည်းလုံးညီညွှတ်မှုကို အခြေခံ၍ ပါဝင်ယှဉ်ပြိုင်ရန်-စသည့် စည်းကမ်းချက်များအား ရှင်းလင်းပြောကြားပြီး ပြိုင်ပွဲဝင် အသင်း (၅) တို့က တပျော်တပါးစည်းလုံးညီညွတ် စည်ကားသိုက်မြိုက်ပျော်ရွှင်စွာ စတင်ယှဉ်ပြိုင် ထမနဲထိုးကြသည်။
ထို့နောက် မြန်မာ့ရိုးရာတပို့တွဲလ ထမနဲထိုးပြိုင်ပွဲတွင် ပထမဆုရ ရွှေညောင်+လင်းတာကျ ကျေးရွာအသင်းအား ဂုဏ်ပြုချီးမြှင့်ငွေ (၃၅၀၀၀၀) ကျပ်၊ ဒုတိယဆုရ လှေကြီးတတ် ကျေးရွာအသင်းအား ဂုဏ်ပြုချီးမြှင့်ငွေ (၂၅၀၀၀၀) ကျပ်၊တတိယဆုရ ဆီဆုံ ကျေးရွာအသင်းအား ဂုဏ်ပြုချီးမြှင့် ငွေ (၁၅၀၀၀၀) ကျပ်၊ ယှဉ်ပြိုင်အသင်း(၄)သင်းတို့အား ယှဉ်ပြိုင်ဆု (၈၀၀၀၀) ကျပ်စီတို့ကို မြိုနယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းဧရာထိုက်၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌဒေါ်နုနုလှိုင်နှင့်ဌာနဆိုင်ရာတို့က အသီးသီး ဆုများပေးအပ်ချီးမြှင့်ခဲ့ကြပြီး ဆုရထမနဲအသင်းများ၏ ထမနဲ့များကို ဘုန်းတော်ကြီးကျောင်းများနှင့်ဘုရားစေတီပုထိုးများသို့ ဆက်ကပ်လှူဒါန်းသွားမည်ဖြစ်ကြောင်း သိရသည်။
သိန်းမြင့်မျိုးဦး
သာပေါင်း (ပြန်/ဆက်)