ကြံခင်း ဖေဖော်ဝါရီ ၁၇
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့၊ အခြေခံပညာမူလတန်း (ကဇင်းကြီး) ကျောင်း၌ စာဖတ်ရှိန်မြှင့်တင်ရေးအသိပညာပေးဟောပြောပွဲကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ယနေ့နံနက်ပိုင်းက အဆိုပါကျောင်းရှိ စာသင်ခန်းမ၌ ပြုလုပ်ခဲ့သည်။
အဆိုပါ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲတွင် အ.မ.က (ကဇင်းကြီး) ကျောင်း ကျောင်းအုပ်ဆရာမကြီး ဒေါ်ကြူကြူဝင်းက အဖွင့်အမှာစကားပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ခင်မိုးမြင့်က သားငယ်သမီးငယ်များအား လူတော်လူကောင်းများဖြစ်ပေါ်လာစေရန်၊ အပြောစွမ်းရည်မြင့်မားလာစေရန်၊ ဆွေးနွေးပြောဆိုတတ်သည့် အလေ့အကျင့်ကောင်းများရရှိလာစေရန်၊ ကျောင်းစာကြည့်တိုက်များတွင် စာဖတ်ရှိန်မြှင့်မားလာစေရန်နှင့် ကျောင်းသား၊ ကျောင်းသူများ ဗလငါးတန်ပြည့်စုံလာစေရန် စသည့်ရည်ရွယ်ချက်များဖြင့် ပြုလုပ်ပေးရခြင်းဖြစ် ကြောင်းပြောကြားပြီးနောက် လူငယ်နှင့်ရည်မှန်းချက်ခေါင်းစဉ်ဖြင့် ဟောပြောခဲ့သည်။ ဆက်လက်၍ Book Club အဖွဲ့ဝင် ဦးမျိုးဝင်း (ဆောင်းနတ်ရှင်) က စာပေနှင့်လူတန်ဖိုးခေါင်းစဉ်ဖြင့် ဟောပြောပြီး ဒုတိယဦးစီးမှူး ဒေါ်မေသဥ္ဇာနှင်းက ပြည်သူ့စာကြည့်တိုက်ရှိ စာအုပ်စာစောင်များအား မိတ်ဆက်စကားပြောကြားခဲ့သည်။
ထိုနောက် ကြံခင်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ခင်းကျင်းပြသထားသည့် သုတရသစာအုပ်စာစောင်ပြပွဲကို ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာဖြင့် လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။
ဖြိုးဝေလင်း (ပြန်/ဆက်)