ကော့သောင်း ဖေဖော်ဝါရီ ၁၇
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ခမောက်ကြီးမြို့တွင် အသက်(၁၈)နှစ်ပြည့်ပြီး ဝန်ထမ်းများအပါအဝင် ဒေသခံပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး Pfizer ထိုးနှံ ပေးခြင်းနှင့် ၅ နှစ်အောက် ကလေးများအား ကာကွယ်ဆေးထိုးခြင်း၊Vitamin -A တိုက်ကျွေးခြင်းများကို ယနေ့နံနက်ပိုင်းတွင် ခမောက်ကြီးမြို့ အမှတ်(၁)ရပ်ကွက် ကျေးလက်ကျန်းမာရေးရုံး၊ အမှတ်(၄)ရပ်ကွက် ဘုန်းကြီး ကျောင်းနှင့် ယုဇနဆီအုန်းကုမ္ပဏီအစည်းအဝေးခန်းမ ဆေးထိုးစုရပ်(၃)နေရာတွင် ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
အဆိုပါ ကိုဗစ်ကာကွယ်ဆေးထိုးနှံပေးခြင်းကို ကော့သောင်းခရိုင် ကျန်းမာရေးဌာနမှတာဝန်ရှိသူများ၊ ကျန်းမာရေးဌာနမှ ဆရာ၊ဆရာမများ၊ ခမောက်ကြီးမြို့ဌာနဆိုင်ရာမှ တာဝန်ရှိသူများကဆေးထိုးနှံရာတွင် ကျန်းမာရေးစစ်ဆေးခြင်းနှင့်ကျန်းမာရေးဆိုင်ရာ အချက်အလက်များကောက်ယူ၍ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (Pfizer) အား ထိုးနှံပေးလျက်ရှိပြီး အဆိုပါကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (Pfizer)အား ဆေးတစ်ပုလင်းလျှင် လူ(၆)ဦးနှုန်းဖြင့် ထိုးနှံပေးခဲ့ကြသည်။ ၅ နှစ်အောက်ကလေးများအားလည်း ပုံမှန်ကာကွယ်ဆေးထိုးခြင်း၊ Vitamin-A တိုက်ကျွေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ခမောက်ကြီး (ပြန်/ဆက်)