ချောင်းသာ ဖေဖော်ဝါရီ ၁၇
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ချောင်းသာမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနခန်းမတွင် ယမန်နေ့မွန်းလွဲပိုင်းက စာရေးဆရာ ဆင်ဖြူကျွန်း ကျော်လှိုင်ဦးရေးသားသည့် “မိုးနှောင်းဆောင်းဦး အဖျားကြူးလျှင်နှင့်အခြားကျန်းမာရေးဆောင်းပါးများ” စာအုပ်အား စာဖတ်ဝိုင်းဆွေးနွေးပွဲကို ပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးမှူး ဦးဝင်းကျော်ကျော်က စာဖတ်ဝိုင်းများ ပုံမှန်ပြုလုပ်ဆွေးနွေးသွားနိုင်ရေးနှင့် စာဖတ်ဝိုင်းပြုလုပ်ရခြင်း၏ရည်ရွယ်ချက် ကို ရှင်းလင်းပြောကြားပြီး Book Club အဖွဲ့ဝင် ဦးနိုင်မင်းထက်က စာရေးဆရာ ဆင်ဖြူကျွန်း ကျော်လှိုင်ဦးရေးသားသည့် “မိုးနှောင်းဆောင်းဦး အဖျားကြူးလျှင်နှင့်အခြားကျန်းမာရေး ဆောင်းပါးများ” စာအုပ်အား အသေးစိတ်ဖတ်ရှုဆွေးနွေးခဲ့ပြီး စာဖတ်ဝိုင်းဆွေးနွေးပွဲသို့ တက်ရောက်လာသူများက စာအုပ်ပါအကြောင်းအရာများကို အပြန်အလှန် ဆွေးနွေးခဲ့ကြသည်။
အဆိုပါ စာဖတ်ဝိုင်းဆွေးနွေးပွဲသို့ Book Club နှင့် Youth Club အဖွဲ့များ၊ စာကြည့်တိုက်လာ စာဖတ်ပရိသတ်များ တက်ရောက်ခဲ့ကြပြီး စာဖတ်ဝိုင်းဆွေးနွေးပွဲအပြီးတွင် ချောင်းသာမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက ခင်းကျင်းပြသထားရှိသည့် ပြည်သူ့စာကြည့်တိုက်ရှိ စာအုပ်/စာစောင်များကို စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရှိရသည်။
ကျော်ကျော်(ပြန်/ဆက်)