ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် (၇၀)ကြိမ်မြောက် သုဓမ္မာဝိနယာဓိကစာမေးပွဲကြီး စာအောင်ဆုနှင်းသဘင် အခမ်းအနားတက်ရောက်၍ စာအောင်ဆုများဆက်ကပ်လှူဒါန်း

ပုသိမ် ဖေဖော်ဝါရီ ၁၇

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်လုံးဆိုင်ရာ သုဓမ္မာဆရာတော်ကြီးများ ကြီးမှူးကျင်းပသော (၇၀)ကြိမ်မြောက် သုဓမ္မာဝိနယာဓိကစာမေးပွဲကြီး စာအောင်ဆုနှင်းသဘင်အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ပုသိမ်မြို့၊ မရမ်းကျောင်းတိုက်တွင်ကျင်းပခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် တာဝန်ရှိသူများနှင့်အတူ တက်ရောက်ဖူးမြော်ကြည်ညို၍ စာအောင်ဆုများ ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

ဦးစွာအခမ်းအနားကို “နမောတဿ” သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ ဖွင့်လှစ်ခဲ့ပြီးနောက် နိုင်ငံတော် ဩဝါဒါစရိယ၊ ပုသိမ်မြို့၊ ညောင်ပင်သာပရိယတ္တိစာသင်တိုက် ဦးစီးပဓာနနာယက ဆရာတော် (အဘိဓဇမဟာရဋ္ဌဂုရု၊ အဂ္ဂမဟာပဏ္ဍိတ၊ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက) ဘဒ္ဒန္တဝိဿုတ ဆရာတော်ဘုရားကြီးထံမှ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဧည့်ပရိသတ်များက ငါးပါးသီလခံယူ ဆောက်တည်ခဲ့ကြသည်။ ယင်းနောက် ဩဝါဒါစရိယဆရာတော်ကြီးများအား တိုင်းဒေသကြီးဝန်ကြီးချုပ်က လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ပြီး  အလှူငွေများအား တာဝန်ရှိသူတစ်ဦးထံသို့ ဆက်လက်လှူဒါန်းခဲ့သည်။

ထို့နောက် (၇၀)ကြိမ်မြောက် သုဓမ္မာဝိနယာဓိက စာမေးပွဲကြီးတွင် ဓမ္မာစရိယသုံးကျမ်းအောင် ပထမ၊ ဒုတိယနှင့် တတိယအဆင့်ဖြင့် အောင်မြင်ခဲ့ကြသည့် သံဃာတော်များ၊ ဓမ္မာစရိယနှစ်ကျမ်းအောင် သံဃာတော်တစ်ပါး၊ ဓမ္မာစရိယတစ်ကျမ်းအောင် သံဃာတော်ငါးပါး၊ ပထမကြီးတန်း ပထမ၊ ဒုတိယနှင့် တတိယအဆင့်ဖြင့် အောင်မြင်ခဲ့ကြသည့် သံဃာတော်များ၊ ပထမလတ်တန်း ပထမ၊ ဒုတိယနှင့်တတိယအဆင့်ဖြင့် အောင်မြင်ခဲ့ကြသည့် သံဃာတော်များ၊ ပထမငယ်တန်း ပထမ၊ ဒုတိယနှင့် တတိယအဆင့်ဖြင့် အောင်မြင်ခဲ့ကြသည့် သံဃာတော်များ၊ အခြေပြုမူလတန်းတွင် ပထမ၊ ဒုတိယနှင့် တတိယအဆင့်ဖြင့် အောင်မြင်ခဲ့ကြသည့် သံဃာတော်များ၊ မူလတန်းတွင် ပထမ၊ ဒုတိယနှင့်တတိယအဆင့်ဖြင့် အောင်မြင်ခဲ့ကြသည့် သံဃာတော်များ၊ အခြေပြုမူလတန်းအောင် သီလရှင်နှစ်ပါး၊ မူလတန်းအောင် သီလရှင်ငါးပါးနှင့် ဓမ္မာစရိယတစ်ကျမ်းအောင် လူပုဂ္ဂိုလ် တစ်ဦးတို့အား အောင်လက်မှတ်များကို နိုင်ငံတော်ဩဝါဒါစရိယ၊ ပုသိမ်မြို့၊ နိဂြောဓာရုံညောင်ပင်သာ ပရိယတ္တိစာသင်တိုက် ဦးစီးပဓာနနာယကဆရာတော် (အဘိဓဇမဟာရဋ္ဌဂုရု၊ အဂ္ဂမဟာပဏ္ဍိတ၊ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက) ဘဒ္ဒန္တဝိဿုတ ဆရာတော်ဘုရားကြီးကလည်းကောင်း၊ စာအောင်ဆုနှင့် နဝကမ္မအလှူတော်ငွေများကို တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းဒေသကြီး တရားသူ ကြီးချုပ်၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး၊ သယံဇာတရေးရာဝန်ကြီး၊ တိုင်းဒေသကြီးအစိုးရ အဖွဲ့အတွင်းရေးမှူး၊ မြို့နယ်လုံးဆိုင်ရာ သာသနာ့အကျိုးတော်ဆောင်အဖွဲ့ဥက္ကဋ္ဌနှင့် တိုင်းဒေသကြီး ဥပဒေချုပ်တို့ကလည်း​ကောင်း ဆက်ကပ်လှူဒါန်းပေးအပ်ခဲ့သည်။

ဆက်လက်၍ နိုင်ငံတော်ဩဝါဒါစရိယ၊ ပုသိမ်မြို့၊ နိဂြောဓာရုံညောင်ပင်သာပရိယတ္တိစာသင်တိုက် ဦးစီးပဓာနနာယကဆရာတော်(အဘိဓဇမဟာရဋ္ဌဂုရု၊ အဂ္ဂမဟာပဏ္ဍိတ၊ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက) ဘဒ္ဒန္တဝိဿုတဆရာတော်ဘုရားကြီးထံမှ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဧည့်ပရိသတ်များက  အနုမောဒနာတရားနာကြား၍ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေခဲ့ပြီး အခမ်းအနားအား “ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု” သုံးကြိမ်ရွတ်ဆိုဆုတောင်း၍ ရုပ်သိမ်းခဲ့သည်။

ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အဖွဲ့သည် ဆရာတော် သံဃာတော်အရှင်သူမြတ်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့သည်။ ဧရာဝတီတိုင်း​ဒေသကြီး၊ ပုသိမ်ခရိုင်လုံးဆိုင်ရာ သုဓမ္မာဆရာတော်ကြီးများ ကြီးမှူးကျင်းပသော (၇၀) ကြိမ်မြောက် သုဓမ္မာဝိနယာဓိက စာမေးပွဲကြီးတွင် သံဃာတော် (၆၃၅)ပါး ဝင်ရောက်ဖြေဆိုတော်မူကြပြီး (၄၆၉)ပါး ဖြေဆိုအောင်မြင်တော်မူခဲ့ကြောင်း သိရသည်။

လှမင်းထွဋ်(ပြန်/ဆက်)