မင်းဘူးမြို့၌ ပလတ်စတစ်သုံးစွဲမှုလျှော့ချရေးနှင့် အစားထိုးသုံးဆွဲရေး ပညာပေးဆောင်ရွက်

မင်းဘူး ဖေဖော်ဝါရီ ၁၇

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်၌ ပလတ်စတစ်ကြွပ်ကြွပ်အိတ်များ သုံးစွဲမှုလျှော့ချရေးအတွက် ဆွေးမြေ့လွယ်သော အင်ဖက်၊ ကြာကထဖက်၊ ငှက်ပျောဖက်များအား ပလတ်စတစ်အစားထိုးသုံးစွဲရေး အသိပညာပေးခြင်းလုပ်ငန်းကို စည်ပင်သာယာမြို့မဈေးကြီးနှစ်ခု၌ ယနေ့နံနက်ပိုင်းက ဌာနဆိုင်ရာ ပူးပေါင်းအဖွဲ့များ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ဝန်ထမ်းများ ဦးဆောင်ပြီး မင်းဘူးမြို့မဈေးနှင့် စကုမြို့စယမဈေးအတွင်းရှိ ဈေးရောင်း၊ ဈေးဝယ်များ၊ ကုန်စုံဆိုင်များ၊ ပျံကျစျေးသည်များနှင့် ဒေသခံပြည်သူများအား ပလတ်စတစ်သုံးစွဲမှု၏ နောက်ဆက်တွဲ ဆိုးကျိုးများနှင့် ပလတ်စတစ် ညစ်ညမ်းမှုအား ဖြေရှင်းရန် နည်းလမ်းများ၊ ထိန်းချုပ်ခြင်း နည်းလမ်းသဘောတရားများ၊ သုံးစွဲမှုလျှော့ချရန်နည်းလမ်းနှင့် စည်းမျဉ်းများကို ပညာပေးဆောင်ရွက်ပြီး လက်ကမ်းစာစောင် ဖြန့်ဝေပေးကာ ပလတ်စတစ် ကြွပ်ကြွပ်အိတ်များအစား အင်ဖက်၊ ကြာဖက်၊ ငှက်ပျောဖက်၊ သတင်းစာစက္ကူအဟောင်းများနှင့် ဆွေးမြေ့လွယ်သော ထုပ်ပိုးမှုပစ္စည်းများအား အစားထိုးသုံးစွဲရေးကို အသိပညာပေး ဆောင်ရွက်ခဲ့ကြသည်။

အဆိုပါ အသိပညာပေးခြင်းလုပ်ငန်းများကို မြို့နယ်စည်ပင်သာယာရေးကော်မတီ အဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ဝန်ထမ်းများ၊ မင်းဘူးခရိုင် ပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာနမှ ဝန်ထမ်းများနှင့် ဌာနဆိုင်ရာပူးပေါင်းအဖွဲ့များက မြို့နယ်စည်ပင်သာယာရေး နယ်နိမိတ်အတွင်းရှိ မြို့မဈေးကြီးများနှင့် လူစည်ကားရာ နေရာများတွင် အပတ်စဉ် တနင်္လာနေ့တိုင်း ပလတ်စတစ် ကြွပ်ကြွပ်အိတ်များ သုံးစွဲမှုလျှော့ချရေးနေ့အဖြစ် သတ်မှတ်ပြီး စဉ်ဆက်မပြတ် ကွင်းဆင်း ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်စည်ပင်သာယာရေးအဖွဲ့ထံမှ သိရသည်။

မောင်မောင်(မင်းဘူး)