လိပ်သိုမြို့ လူထုအခြေပြုဗဟိုဌာန၌ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြသ

လိပ်သို ဇန်နဝါရီ ၁၇

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့တွင် စာကြည့်တိုက်များ ရှင်သန်ဖွံ့ဖြိုးတိုးတက်ရေးနှင့်စာဖတ်ရှိန်မြှင့်တင်ရေး၊ စာဖတ်သည့်အလေ့အကျင့် ကောင်းများရရှိစေရန်အတွက် လိပ်သိုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် အသိပညာပေးလုပ်ငန်းများကို  စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် ၁၁ နာရီအချိန်က  စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲနှင့်  နံရံကပ်စာစောင်ပြသခြင်းကို မြို့ဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မြို့ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီးမှူး ဒေါ်နွယ်နွယ်ခိုင်က အသိပညာပေးဟောပြောပွဲ ပြုလုပ်ရခြင်းရည်ရွယ်ချက်များ၊ စာဖတ်ခြင်းသည် ဘဝအရည်အသွေး မြင့်မားစေခြင်း၊ ဦးနှောက်အသိဉာဏ် ဖွံ့ဖြိုးတိုးတက်စေခြင်း စသည့် ဘဝအတွက် ကောင်းကျိုးအခွင့်အလမ်းများကို ဆောင်ကြဉ်းပေးကြောင်း၊ အသိပညာဗဟုသုတ ကြီးမားကျယ်ပြန့်ရန် အတွက် အကောင်းဆုံးနှင့် အလွယ်ဆုံးနည်းလမ်းမှာ စာပေဖတ်ရှုမှတ်သားခြင်းပင်ဖြစ်ကြောင်း၊ အနာဂတ်မျိုးဆက်သစ်များဖြစ်သော လူငယ်လူရွယ်များအနေဖြင့်နိုင်ငံနှင့် လူမျိုးအကျိုး စွမ်းဆောင်နိုင်သူများ ဖြစ်လာစေရန်အတွက် စာများများဖတ်ရှုခြင်းဖြင့် မိမိကိုယ်ကို လေ့ကျင့်ပျိုးထောင်သင့်ကြောင်း စာဖတ်ရှိန်မြှင့်တင်ရေးနှင့်စပ်လျဉ်း၍ ပညာပေးပြောကြားခဲ့သည်။

ဆက်လက်၍ ဟောပြောပွဲအပြီးတွင်  “အသိပညာဗဟုသုတကြွယ်၀ဖို့ စာအုပ်စာပေဖတ်ကြစို့” အသိပညာပေး နံရံကပ်စာစောင်အား ပြသခဲ့ရာ ဒေသနေပြည်သူများနှင့် ကျောင်းသား/ကျောင်းသူများက လေ့လာကြည့်ရှုမှတ်သား၍ သိရှိလိုသည်များအား မေးမြန်းခဲ့ကြောင်း သိရသည်။

ခင်လေးနွယ်