ထားဝယ် ဖေဖော်ဝါရီ ၁၇
ထားဝယ်ခရိုင် ရှာဖွေကယ်ဆယ်ရေးသင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီက ထားဝယ်မြို့၊ တနင်္သာရီတိုင်းဒေသကြီး မီးသတ်ဦးစီးဌာနရုံး၌ကျင်းပခဲ့သည်။
အခမ်းအနားတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္က ဦးဘုန်းမြတ်သူက မြန်မာနိုင်ငံအတွင်း ဖြစ်ပွားကြုံတွေ့လေ့ရှိသော မီးဘေးအပါအဝင်အခြားသောဘေးအန္တရာယ်များအကြောင်း၊ မီးသတ်တပ်ဖွဲ့၏ အခန်းကဏ္ဍ၊ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်း အမျိုးမျိုးအနက်မှ မြို့ပြရှာဖွေကယ်ဆယ်ရေး ဘာသာရပ် ဖြစ်သည့် အခြေခံကြိုးချည်နည်းများ၊ အမြင့်ပိုင်း/အနိမ့်ပိုင်းများတွင် ကြိုးဖြင့် အသက်ကယ်နည်းစနစ်များ၊ တောင်ပေါ်အသက်ကယ်နည်းစနစ် (Mountain Rescue Technique)၊ လျှိုမြောင်အတွင်း အသက်ကယ်နည်းစနစ်၊( Valley Rescue Technique) ၊ဥရောပနိုင်ငံများတွင် အသုံးပြုလျက်ရှိသော ယာဉ်မတော်တဆထိခိုက်မှုဖြစ်စဉ်များတွင် အဖွဲ့လိုက်ကယ်ဆယ်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ် (၉)ခု၊ ငလျင်ကြောင့်ပြိုကျ ပျက်စီးနေသောအစိတ်အပိုင်းများအောက်တွင် ပိမိ/ညပ်မိသူများကို ကယ်ဆယ်ရာတွင် အသုံးပြုသည့် (Cribbing) နည်းစနစ်များ၊ Air Lifting Bag အသုံးပြုခြင်းနည်းစနစ်များ၊ ယိုင်နဲ့ပြိုကျနိုင်သောအဆောက်အဦအား ထပ်မံပြိုကျမှုမရှိအောင် ဆောင်ရွက်ရမည့်ဒေါက် ထောက်ခြင်း/ ကျားကန်ခြင်း(Shoring Technique)များ၊ ပြိုကျအဆောက်အဦအစိတ်အပိုင်းများ အောက်တွင် ပိတ်မိနေသူများကို ကယ်ဆယ်ရာတွင်အသုံးပြုရမည့် ထွင်းဖောက်ဖြတ်တောက်ခြင်းနည်စနစ်များ၊ ရေတွင်းအသက်ကယ် နည်းစနစ်များ၊ အရေးပေါ်ဆေးအကာအကွယ်ပေးခြင်းနှင့် ရှေးဦးသူနာပြုစုနည်းများဖြစ်သော ဇီဝကမ္မဗေဒ၊ ခန္ဓာဗေဒဘာသာရပ်များစသည့် သင်ခန်းစာများကို ကျွမ်းကျင်နည်းပြများဖြင့် စနစ်တကျဖြင့် ထိထိရောက်ရောက် လေ့ကျင့်သင်ကြားသွားမှာဖြစ်ကြောင်း ပြောကြားသည်။
သင်တန်းတွင်တာဝန်ရှိသူများက သင်တန်းသား(၅၀)ဦးအား ဖေဖော်ဝါရီ ၂၈ ရက်နေ့အထိ စာတွေ့လက်တွေ့ လေ့ကျင့်သင်ကြားပြသသွားမည်ဖြစ်ကြောင်း သိရသည်။
ငွေဇင်ယော်(ထားဝယ်)