သရက်ချောင်း ဖေဖော်ဝါရီ ၁၇
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၌ တက္ကသိုလ်ဝင်စာမေးပွဲနှင့် အတန်းတင်စာမေးပွဲဖြေဆိုမည့် ကာလအတွင်း မီးဘေးအန္တရာယ်ကင်းရှင်းစေရန်ရည်ရွယ်၍ ယနေ့နံနက် ၉ နာရီအချိန်က သရက်ချောင်းမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ စာစစ်ဌာနများတွင် မီးလောင်မှုနှင့် မီးလန့်မှုများမဖြစ်ပွားစေရေး မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင် သရက်ချောင်းမြို့နယ်၊ မီးသတ်ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးသက်နိုင်လွင်နှင့် တပ်ဖွဲ့ဝင်များ၊ ဒုတိယမြို့နယ်ပညာရေးမှူး ဦးခင်မောင်စိုးနှင့် ဆရာ/ဆရာမများက တက္ကသိုလ်ဝင်တန်းစာမေးပွဲနှင့် အတန်းတင်စာမေးပွဲဖြေဆိုမည့် အခြေခံပညာကျောင်းများအား ကျောင်းပတ်ဝန်းကျင် အမှိုက်ခြောက်များမရှိစေရေး၊ မီးသတ်ဆေးဘူးများ အသင့်ပြင်ဆင်ထားရှိစေရေး၊ ကျောင်းဝင်းအတွင်းရှိ အုတ်ရေကန်များ ရေဖြည့်တင်းထားရှိစေရေး၊ စာသင်ဆောင်များတွင် သွယ်တန်းထားသည့် လျှပ်စစ်မီးကြိုးများကောင်းမွန်မှုရှိစေရေး၊ လျှပ်စစ်မီးနှင့် အခြားမီးသုံးစွဲမှုများ စနစ်တကျရှိစေရေး ပူးပေါင်းစစ်ဆေးခဲ့ပြီးနောက် မီးသတ်ဦးစီးဌာနမှ မီးသတ်ဆေးဘူးအသုံးပြုနည်းနှင့် ကိုင်တွယ်နည်းများကို ဒုတိယမြို့နယ်ပညာရေးမှူးနှင့် ဆရာ/ဆရာမများအား လက်တွေ့သင်ပြပေးခဲ့ကြောင်း မြို့နယ်မီးသတ်ဦးစီးဌာန ဦးစီးအရာရှိ ဦးသက်နိုင်လွင်ထံမှ သိရသည်။
ပြည့်ဖြိုးပိုင်(ပြန်/ဆက်)