ပွင့်ဖြူမြို့နယ် ရွာသစ်ကုန်းကျေးရွာတွင် အိုးထိန်းမြေဓမ္မစကူးလ်သင်တန်း (၅) နှစ်ပြည့် သင်တန်းဆင်းပွဲ အခမ်းအနားကျင်းပ

ပွင့်ဖြူ ဖေဖော်ဝါရီ ၁၇

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် ရွာသစ်ကုန်းကျေးရွာ ဘုန်း‌တော်ကြီးကျောင်းတွင် ဖွင့်လှစ်သင်ကြားလျက်ရှိသော အိုးထိန်းမြေဓမ္မစကူးလ် ယဉ်ကျေးလိမ္မာသင်တန်း (၅) နှစ်ပြည့် သင်တန်းဆင်းပွဲအခမ်းအနားကို ဖေဖော်ဝါရီလ (၁၆) ရက်နေ့က အဆိုပါ ကျေးရွာဘုန်းတော်ကြီးကျောင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ တက်ရောက်လာကြသူများက နမ္မောတဿ(၃)ကြိမ် ရွတ်ဆို၍  အခမ်းအနားကို ဖွင့်လှစ်ကာ ဓမ္မစကူးလ်သင်တန်း ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများက ဓမ္မစကူးလ် အဓိဋ္ဌာန်ကို သံပြိုင်ရွတ်ဆိုကြပြီး ရွာသစ်ကုန်းကျေးရွာ ဘုန်းတော်ကြီးကျောင်းဆရာတော်ထံမှ ငါးပါးသီလနှင့် ဆုံးမဩဝါဒများကို နာယူကြည်ညိုခဲ့ကြသည်။

ဆက်လက်၍ ရွာသစ်ကုန်းကျေးရွာ အိုးထိန်းမြေဓမ္မစကူးလ်သင်တန်းတာဝန်ခံ ဆရာတော် ဦးတိလောက က ကျေးရွာရှိ ကျောင်းသား၊ ကျောင်းသူ မောင်မယ်များ ယဉ်ကျေးလိမ္မာစေရန် ဓမ္မစကူးလ် သင်တန်း (၅) နှစ်ပြည့် အောင်မြင်စွာ ဖွင့်လှစ်သင်ကြားပေးနိုင်အောင် ဝိုင်းဝန်းကူညီ ဆောင်ရွက် ပေးခဲ့ကြသူ များကို ကျေးဇူးတင်စကား ချီးမြှင့်မြွက်ကြားသည်။

ထို့နောက် ရွာသစ်ကုန်းကျေးရွာဘုန်းတော်ကြီးကျောင်းမှ ကျောင်းထိုင်ဆရာတော်ကြီးနှင့် တာဝန်ရှိသူများက အိုးထိန်းမြေဓမ္မစကူးလ်သင်တန်း သင်ကြားပေးခဲ့သော ဆရာ၊ ဆရာများအား သင်ကြားရေး စွမ်းဆောင်ရည်ဆုကို လည်းကောင်း၊ သင်တန်းတွင် (ပထမ၊ ဒုတိယ၊ တတိယ)ဆု ရရှိသူများနှင့် ကျောင်းတက်မှန်ကန်သော ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုဆုများကိုလည်းကောင်း ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့ပြီး ကျောင်းသား၊ ကျောင်းသူများက ဓမ္မစကူးလ်နှိုးဆော် တေးကဗျာများ သီဆိုဖျော်ဖြေကာ ဗုဒ္ဓသာသနံ စိရံတိဌတု သုံးကြိမ်ရွတ်၍ အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။

ပွင့်ဖြူမြို့နယ် ရွာသစ်ကုန်းကျေးရွာ သုခကာရီပရိယတ္တိစာပေပျိုးခင်းဘုန်းတော်ကြီးကျောင်းတိုက်တွင် ကျောင်းထိုင်ဆရာတော်ကြီး၏ ဦးဆောင်မှုဖြင့် ကျေးရွာရပ်မိရပ်ဖများက ကျေးရွာရှိ ကျောင်းနေအရွယ်ကလေးများကို “ပညာပြည့်ဝ နှလုံးလှဖို့ ဓမ္မအမွေ ဖြန့်ဝေစို့”ဟူသော ဆောင်ပုဒ်အတိုင်း ဗုဒ္ဓအဆုံးအမ၏ တရားတော်နှင့်အညီ ယဉ်ကျေးလိမ္မာသော လူတော်လူကောင်းများ ပေါ်ထွန်းလာစေရန်ရည်ရွယ်၍ အိုးထိန်းမြေဓမ္မစကူးလ်သင်တန်းကို ဖွင့်လှစ်သင်ကြားပေးခြင်းဖြစ်ပြီး ယင်း ဓမ္မစကူးလ်သင်တန်းတွင် သင်တန်းနည်းပြ ဆရာ၊ ဆရာမ (၁၅) ဦးတို့က ကျောင်းသား၊ ကျောင်းသူ (၁၀၃) ဦးကို ဗုဒ္ဓအဆုံးအမ ယဉ်ကျေးလိမ္မာစာပေများ၊ ဘုရားရှိခိုးနည်း၊ သီလယူခြင်း၊ မေတ္တာပို့သခြင်း၊ တရားထိုင်ခြင်း အစရှိသည့် ယဉ်ကျေးလိမ္မာဓမ္မစကူးလ်သင်ခန်းစာများကို ပို့ချသင်ကြားပေးခဲ့ကြောင်း သိရသည်။

လှိုင်ဝင်းလေး ( ပွင့်ဖြူမြေ )