ပွင့်ဖြူ ဖေဖော်ဝါရီ ၁၆
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်စည်ပင်သာယာရေးအဖွဲ့က အားလပ်ချိန်များ၌ ပြည်သူများ စိတ်အပန်းဖြေနိုင်ရန် ဆောင်ရွက်ထားသည့် ပွင့်ဖြူမြို့ ပွင့်မာလာပန်းဥယျာဉ်ခြံအတွင်းရှိ ကလေးကစားကွင်းနှင့် ကျန်းမာရေးလေ့ကျင့်ခန်းသုံးပစ္စည်းများရေရှည်တည်တံ့ကောင်းမွန်စေရန် ယမန်နေ့က ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ရာတွင် ပွင့်ဖြူမြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးလင်းမင်းညွန့်၏ကြီးကြပ်မှုဖြင့် ဝန်ထမ်းများအဖွဲ့က ပွင့်မာလာပန်းဥယျာဉ်ခြံတွင် ပြည်သူများ စိတ်အေးချမ်းစွာ လာရောက်အပန်းဖြေနိုင်ရန်အတွက် စီစဉ်ထားရှိသော ကိုယ်ကာယကျန်းမာကြံ့ခိုင်ရေး ပြုလုပ်ရန် တပ်ဆင်ထားသော အားကစားလေ့ကျင့်ခန်းသုံးပစ္စည်းများ ချွတ်ယွင်းပျက်စီးနေမှုများကို ပြုပြင် ထိန်းသိမ်းခြင်း၊ ကလေးကစားကွင်းရှိ ချားရဟတ်၊ ဒါန်း၊ ပင်လယ်ဓါးပြနှင့် အခြားလေ့ကျင့်ခန်းသုံး အထောက်အကူပြုပစ္စည်းများ ချို့ယွင်းပျက်စီးမှု ရှိ/မရှိ စစ်ဆေးပြုပြင်ထိန်းသိမ်းခြင်းများ ဆောင်ရွက်ခဲ့ ကြသည်။ ထို့နောက်ဝန်ထမ်းများ ပူးပေါင်းအဖွဲ့က ပန်းဥယျာဉ်ခြံအတွင်း စိုက်ပျိုးထားရှိသော ပန်းပင်များရေဖျန်းခြင်းနှင့် ပန်းခြံဝန်းကျင် သန့်ရှင်းသာယာလှပရေး အမှိုက်သရိုက်များ ကောက်ယူ ရှင်းလင်းခြင်းတို့ကို စုပေါင်းဆောင်ရွက်ခဲ့ကြသည်။
ပွင့်ဖြူမြို့နယ်စည်ပင်သာယာရေးအဖွဲ့က ပွင့်ဖြူမြို့အား မြို့ပြအင်္ဂါရပ်နှင့်အညီ သန့်ရှင်းသာယာ လှပစေရန်အတွက် ဘဏ္ဍာနှစ်အလိုက် မြို့ပြဖွံ့ဖြိုးရေးလုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့်အပြင် ပြည်သူများ အားလပ်ချိန်များ၌ လာရောက်စိတ်အပန်းဖြေ အနားယူနိုင်ရေးအတွက် စီစဉ်ဆောင်ရွက်ထားရှိသည့် ပွင့်မာလာပန်းခြံအား နေ့စဉ်သန့်ရှင်းရေး ဆောင်ရွက်ခြင်း၊ စိုက်ပျိုးထားရှိသော မြေယာရှုခင်းများနှင့် ပန်းပင်များကို အလှပုံဖော်ခြင်း၊ လိုအပ်သည့် နေရာများတွင် ပန်းအလှပင်များ စိုက်ပျိုးခြင်း၊ အမှတ်တရ ဓာတ်ပုံများရိုက်ကူးနိုင်ရေး စီစဉ်ဆောင်ရွက် ထားရှိခြင်း၊ ကျန်းမာရေးအတွက် ကိုယ်လက်လှုပ်ရှားမှု ပြုလုပ်နိုင်ရန် ကျန်းမာရေးအားကစားပစ္စည်းများ စီစဉ်ထားရှိခြင်း၊ ကလေးငယ်များအတွက် ကလေးကစားကွင်းများ စီစဉ်ဆောင်ရွက်ထားရှိပြီး ရေရှည်တည်တံ့ကောင်းမွန်စေရန်အတွက် ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းများကို ကြပ်မတ်စစ်ဆေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
လှိုင်ဝင်းလေး (ပွင့်ဖြူမြေ )