ရေတာရှည်မြို့နယ်၌ 10-Rows Seeder (မျိုးစေ့ချစက်)ဖြင့် နွေစပါး စိုက်ပျိုးခြင်း သရုပ်ပြပွဲပြုလုပ်

ရေတာရှည် ဖေဖော်ဝါရီလ ၁၆                        

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်၌ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ စက်မှုလယ်ယာဦးစီးဌာနအမှတ် (၄၈) စက်မှုလယ်ယာစခန်းမှ 10-Rows Seeder (မျိုးစေ့ချစက်) ဖြင့် နွေစပါး စိုက်ပျိုးခြင်းသရုပ်ပြပွဲကို ယမန်နေ့ မွန်းလွဲ ပိုင်းကသပြေတန်းကျေးရွာ၊ ကွင်းအမှတ် (၃၇၈) တောင်သူ ဒေါ်မွှေး၏ လယ်(၄) ဧက၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

မြို့နယ်ဦးစီးမှူး ဦးမြင့်စိန်မှ 10-Rows Seeder (မျိုးစေ့ချစက်)ကို အသုံးပြုခြင်းဖြင့် လုပ်အားခသက်သာခြင်း၊ လုပ်ငန်းတွင်ကျယ်၍ ပြီးစီးမှုမြန်ဆန်ခြင်း၊ မျိုးစေ့ကုန်ကျမှု သက်သာခြင်း၊ ပျိုးပင်များ လေဝင်လေထွက် ကောင်းမွန်မှုကြောင့်စပါး အထွက်နှုန်းနှင့် အရည်အသွေးကောင်းမွန်ခြင်းစသည့် အကျိုးကျေးဇူးများကို ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရန်ရည်ရွယ်၍ ပြုလုပ်ခြင်းဖြစ်ပြီး စိုက်ပျိုးရာတွင် အခက်အခဲအနေဖြင့် သမန်းပြင်တွင် ရေဝင်ရောက်မှုများပြားပါက 10-Rows Seeder (မျိုးစေ့ချစက်)ဖြင့် စိုက်ပျိုးရာတွင် စပါးမျိုးစေ့များ ရေပေါ်တွင်ပေါ်၍ အတန်းလိုက်မဖြစ်တော့သဖြင့် စိုက်ပျိုးရန် အခက်အခဲများရှိနိုင်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။

ထို့​နောက် 10-Rows Seeder (မျိုးစေ့ ချစက်)ဖြင့် စိုက်ပျိုးခြင်းကြောင့် တောင်သူများအနေဖြင့် အချိန်ကုန်သက်သာခြင်း၊ မျိုးစေ့ကုန်ကျမှု သက်သာခြင်း၊ မျိုးစေ့အကွာအဝေးညီညာခြင်း၊ လုပ်သားကုန်ကျမှုသက်သာခြင်း၊ တန်းခြားအကွာအဝေး ညီညာခြင်းတို့ကြောင့် တောင်သူများ သဘောကျနှစ်သက်နိုင်ကြောင်း သိရသည်။   

အဆိုပါ သရုပ်ပြပွဲသို့ မြို့နယ်စိုက်ပျိုးရေး၊ မွေးမြူရေး ကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌ ဦးဥက္ကာသန်းနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဒေသခံတောင်သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

မြို့နယ်ပြန်/ဆက်