စလင်း ဖေဖော်ဝါရီ ၁၆
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် စလင်းမြို့နယ်တွင် မြို့နယ်အတွင်းရှိကျေးရွာများအရောက် မြေပြင်လူဦးရေစာရင်းကောက်ယူရေး ကြီးကြပ်မှုကော်မတီ၏ လမ်းညွှန်မှုဖြင့် မြို့နယ်အတွင်းရှိ ကျေးရွာများမှ ပြည်သူများ၏ လူဦးရေစာရင်း မှန်ကန်စေရေး မြေပြင်ကွင်းဆင်းစာရင်း စိစစ်မှုများကို ဖေဖော်ဝါရီလအတွင်း စတင်ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းက ဒါးဆွယ်ကန်ကျေးရွာတွင် ဆောင်ရွက်ခဲ့ကြသည်။
ထိုသို့ မြေပြင်ကွင်းဆင်းဆောင်ရွက်ရာတွင် အိမ်ထောင်စုအမှတ်စဉ်နှင့် မိသားစုအမှတ်စဉ်များကို နေရပ်လိပ်စာအတိုင်း နေထိုင်ခြင်းရှိ/ မရှိ စာရင်းပြုစုခြင်း၊ သေဆုံးစာရင်းများ အတည်ပြုခြင်း၊ စာရင်းရှိသော်လည်း မြေပြင်တွင် နေထိုင်မှုမရှိသူများနှင့် စာရင်းမရှိ နေထိုင်သူများကို စာရင်းပြုစုခြင်း၊ မည်သည့်လက်မှတ်မျှ ကိုင်ဆောင်ခြင်းမရှိသူများ အိမ်ထောင်စုစာရင်းမရှိသူများကို စိစစ်၍ အိမ်ထောင်စုစာရင်းနှင့် ကိုင်ဆောင်သူ၏လက်မှတ် တစ်ခုခုရရှိစေရေးတို့ကို ကွင်းဆင်းဆောင်ရွက် ပေးမည်ဖြစ်သည်။
အဆိုပါကွင်းဆင်းဆောင်ရွက်ရာတွင် စလင်းမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဒုဦးစီးမှူးနှင့် ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ကျေးရွာတာဝန်ခံများနှင့် မြို့နယ်မြေပြင်စာရင်းကောက်ယူရေး ကော်မတီမှကြီးကြပ် ဆောင်ရွက်ကြကြောင်း သိရသည်။
မောင်လွင်(စလင်း)