မြိတ် ဖေဖော်ဝါရီ ၁၆
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့တွင် ပြည်သူလူထုများ၏မီးဘေးလုံခြုံရေးအတွက် မီးသတိမူရေး၊ မီးဘေးကြိုတင်ကာကွယ်ရေး၊ မီးလောင်မှုများ မဖြစ်ပွားစေရေးတွက် မြိတ်ခရိုင် မီးသတ်ဦးစီးဌာနမှ ဦးဆောင်၍ ပြည်သူများအား မီးဘေးလုံခြုံရေး ပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းနှင့် ဘေးအန္တရာယ်များဖြစ်ပွားလာပါက အချိန်နှင့်တစ်ပြေးညီ မီးသတ်ဦးစီးဌာနသို့ ဆက်သွယ်ရန် ဖုန်းနံပါတ်(191)ပါရှိသည့် စတေကာများ ကပ်နှိပ်၍ အသိပညာပေးခြင်းကို ယမန်နေ့နံနက်ပိုင်းက လူစည်ကားရာ လမ်းဆုံများတွင် ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
အသိပညာပေးဆောင်ရွက်ရာတွင် မြိတ်ခရိုင်မီးစီးဌာနမှူး ဦးဇင်ထွန်း ဦးဆောင်၍ သန္ဓေအရန် မီးသတ်တပ်ဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် လူမှုရေးအသင်းအဖွဲ့ဝင်များမှ မီးဘေးကြိုတင်ကာကွယ်ရေး၊ မီးသုံးစွဲ၍ သတိပြုရမည့်အချက်များ၊ မီးဘေးအန္တရာယ်ကင်းဝေးစေရန် ဆောင်ရွက်ရမည့်အချက်များ၊ မီးလောင်မှုဖြစ်ပွားပါက ဆောင်ရွက်ရမည့်အချက်များ၊ လျှပ်စစ်ဓာတ်အားသုံးလျှင် ဓာတ်ဆီဖြည့်လျှင် သတိထားရမည့် အချက်များ၊ မီးသတ်ဆေးဘူးအသုံးပြုပုံ၊ မီးဘေးနှင့် သဘာဝဘေးအန္တရာယ် ကြုံတွေ့လာပါက မီးသတ်ဦးစီးဌာနသို့ အကူအညီတောင်းခံလိုသည့် ဖုန်းနံပါတ်များ ပါဝင်သည့် လက်ကမ်း စာစောင်များကို ဝေငှပေးခြင်းနှင့် (191)စတေကာများ ကပ်နှိပ်ပညာပေးခဲ့ကြသည်။
ထိုသို့ဆောင်ရွက်ခြင်းကို မြိတ်ခရိုင် မီးသတ်စခန်းအရှေ့၊ အ.ထ.က(၇)အရှေ့လမ်းဆုံ၊ တပ်ပြင်ရပ်ကွက် လမ်းဆုံတို့တွင် လမ်းသွားလမ်းလာများကို ပညာပေးဆောင်ရွက်ခဲ့ကြသည်။ ထို့အတူမြိတ်မြို့နယ် ကျွဲကူး-ကျောက်ဖျာတံတားထိပ်၊ သမုတ်ကျေးလက်ကျန်းမာရေးဌာန လမ်းဆုံနှင့် ရဲစခန်းလမ်းဆုံတွင်လည်း မီးသတ်တပ်ဖွဲ့ဝင်များနှင့် တာဝန်ရှိသူများမှ ပညာပေး ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ခိုင်ထူး ( ပြန်/ဆက် )