မုံရွာ ဖေဖော်ဝါရီ ၁၆
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့အား မြို့အင်္ဂါရပ်နှင့်အညီ သန့်ရှင်းသပ်ရပ်စေရေးနှင့် ရပ်ဝေးရပ်နီးမှ ခရီးသွားပြည်သူများ၊ မြို့နေပြည်သူများ စိတ်အေးချမ်းသာစွာဖြင့် သွား လာနိုင်စေရေးတို့အတွက် ယမန်နေ့နံနက်ပိုင်းတွင် စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ ကျောက္ကာလမ်းနှင့်သာစည်လမ်းကြားရှိ မီးရထားသံလမ်းတစ်လျှောက်ရှိ သစ်ပင်ခြုံနွယ်များ၊ ပေါင်းမြက်များခုတ်ထွင်ရှင်းလင်းခြင်း၊ ခြင်များပေါက်ပွားနိုင်သည့် ရေနုတ်မြောင်းများ ရေစီးရေလာကောင်းမွန်စေရေးတို့အတွက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ စည်ပင်သာယာရေးအဖွဲ့များ၊ လူမူရေး အသင်း အဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ် အဆင့်ဌာနဆိုင်ရာဝန်ထမ်းများ၊ မုံရွာဘူတာရှိ မီးရထားဝန်ထမ်းများမှစုပေါင်း၍ သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ကြကြောင်း သိရသည်။
အဆိုပါ စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်နေမှုများအား တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များက သွားရောက်ကြည့် ရှုအားပေးခဲ့ကြပြီး စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်နေသူများ၊ ရပ်ကွက်နေပြည်သူများ၊ ဌာနဆိုင်ရာဝန်ထမ်းများအား တန်ဖိုးသင့်စားသောက်ကုန်များ၊ ဟင်းသီးဟင်းရွက်များနှင့် စားသုံးဆီများအား ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးနေမှုများအား ကြည့်ရှုအားပေးပြီး စုပေါင်းသန့်ရှင်းရေး လုပ်ငန်းများ ဆောင်ရွက်ခဲ့ကြသူများအား နံနက်စာဖြင့် ကျွေးမွေးဧည့်ခံခဲ့ကြသည်။
အလားတူ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ နာဂကိုယ်ပိုင်အုပ်ခွင့်ရဒေသနှင့် ခရိုင် ၁၃ ခရိုင်၊ မြို့နယ် ၁၅ မြို့နယ်တို့တွင် တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ် တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် စည်ပင်သာယာရေးအဖွဲ့များ စုစုပေါင်းအင်အား ၂၀၀၀ ကျော်ဖြင့် မြို့သန့်ရှင်းသာယာလှပရေး လုပ်ငန်းများအား စုပေါင်း ဆောင်ရွက်ခဲ့ကြသည်။
ဆက်လက်ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မုံရွာမြို့၊ လယ်တီရပ်ကွက်ရှိ ပြည်ထောင်စုဈေးကြီးသို့ ရောက်ရှိရာ မုံရွာမြို့အနီးဝန်းကျင်ရှိ ကျေးရွာများမှထွက်ရှိသည့် ဟင်းသီးဟင်းရွက်များနှင့် အသား၊ ငါးများ လက်လီလက်ကား ရောင်းဝယ်နေမှုများ အားလိုက်လံကြည့်ရှုခဲ့ကြပြီး ဈေးရောင်းချနေသူများအား ရင်းရင်းနှီးနှီးလိုက်လံမိတ်ဆက်စကားများ ပြောကြားခဲ့သည်။
ထို့နောက်တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် ပြည်ထောင်စုကုန်စိမ်းပွဲရုံ ဈေးကြီးသို့ရောက်ရှိရာ ကုန်စိမ်းသီးနှံများရောင်းချနေမှု၊ ထုတ်ပိုးနေမှုများနှင့် သို လှောင်ထားရှိမှု များအား လိုက်လံကြည့်ရှုခဲ့ကြပြီး ပြည်ထောင်စုဈေးကြီးအတွင်း အမြဲသန့်ရှင်းသပ်ရပ်စေရေး၊ စွန့်ပစ်အမှိုက်များ စနစ်တကျစွန့်ပစ်ရေး၊ ဈေးကြီးသို့လာရောက်ကြသည့်မော်တော်ကားများနှင့် မော်တော်ဆိုင်ကယ်များ သတ်မှတ်နေရာတွင် ရပ်တန့်ထားရှိရေးနှင့် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်သွားရေးတို့အား တာဝန်ရှိသူများအား မှာကြား ခဲ့ကြောင်း သိရသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)