မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှုအစီအစဉ်ဖြင့် ဆောင်ရွက်သည့် စပါးသီးနှံရိတ်သိမ်းပြီး ပဲပုပ်သီးထပ် စိုက်ပျိုးခြင်းဖြင့် သီးနှံစိုက်စွမ်းအားမြှင့်တင်ခြင်း ကွင်းသရုပ်ပြပွဲကျင်းပ

ဇလွန်   ဖေဖော်ဝါရီ   ၁၆

ဧရာဝတီတိုင်းဒေသကြီး ၊ ဟင်္သာတခရိုင် ၊ ဇလွန်မြို့နယ်တွင် မဲခေါင် - လန်ချန်း ပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေဖြင့် ဆောင်ရွက်သည့် စပါးသီးနှံရိတ်သိမ်းပြီး ပဲပုပ်သီးထပ်စိုက်ပျိုးခြင်းဖြင့် သီးနှံစိုက်စွမ်းအားမြှင့်တင်ခြင်း ကွင်းသရုပ်ပြပွဲကို ယမန်နေ့မွန်းလွဲ ၂ နာရီက ဖက်သောင်ကျေးရွာအုပ်စု၊ အစုကြီးကျေးရွာ တောင်သူဦးရွှေထူး၏ လယ်မြေ(၄)ဧကတွင် ရေဆင်း (၁၅)ပဲပုပ်စံပြစိုက်ခင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

မဲခေါင် - လန်ချန်း ပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေဖြင့် ဆောင်ရွက်သည့် စပါးသီးနှံရိတ်သိမ်းပြီး ပဲပုပ်သီးထပ်စိုက်ပျိုးခြင်းဖြင့် သီးနှံစိုက်စွမ်းအား မြှင့်တင်ခြင်း ကွင်းသရုပ်ပြပွဲတွင် စိုက်ပျိုးရေးသုတေသနဦးစီးဌာနမှ စိုက်ပျိုးရေးပညာရှင်များက ပဲပုပ်သီးနှံစိုက်ပျိုးခြင်းဖြင့် တောင်သူများဝင်ငွေတိုးစေပြီး ပဲပုပ်သီးနှံမှ ပဲပုပ်ဆီထုတ်လုပ်ခြင်းနှင့် ကြိတ်ဖက်ကိုတိရစ္ဆာန်အစာအဖြစ် အသုံးပြုခြင်းအားဖြင့် ပြည်တွင်းစားသုံးဆီဖူလုံရေးနှင့် တိရစ္ဆာန်အစာအတွက်ပါ အထောက်အကူဖြစ်စေပြီး စပါးသီးနှံအပြီး ပဲပုပ်သီးနှံ စိုက်ပျိုးခြင်းအားဖြင့် သီးနှံစိုက်ပျိုးမှုပုံစံ မှန်ကန်ပြီး မြေဆီလွှာ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အထောက်အကူဖြစ်စေကြောင်းနှင့် အလားအလာကောင်းသော သီးနှံဖြစ်ကြောင်း တောင်သူများအား ရှင်းလင်းပြောကြားခဲ့ပြီး ပဲပုပ်သီးထပ် စိုက်ပျိုးခြင်းဖြင့် သီးနှံစိုက်စွမ်းအားမြှင့်တင်ခြင်း ကွင်းသရုပ်ပြခဲ့ကြသည်။

အဆိုပါအခမ်းအနားသို့ စိုက်ပျိုးရေးသုတေသနဦးစီးဌာနမှ စိုက်ပျိုးရေးပညာရှင်များ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများ၊ မေရီလန်းကျေးရွာအုပ်စုနှင့် ဖက်သောင်ကျေးရွာအုပ်စုမှ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် ဒေသခံပဲပုပ်စိုက်တောင်သူ (၅၀)ဦးတို့ တက်ရောက်ခဲ့ကြသည်။

ဝေယံ - ဇလွန်(ပြန်/ဆက်)