ပလောက် ဖေဖော်ဝါရီ ၁၆
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပလောက်မြို့၌ ဒေသခံပြည်သူများနှင့် ခရီးသွားပြည်သူများအနေဖြင့် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး လုပ်ငန်းများကို သိရှိနားလည်စေရန် ရည်ရွယ်ကာ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး (191) စတေကာများ ကပ်ပေးခြင်းနှင့် လက်ကမ်းစာစောင်များဖြန့်ဝေပေးခြင်းကို ယမန်နေ့နံနက် ၇ နာရီက အမှတ်(၁)ရပ်ကွက်နှင့် စည်ပင်သာယာဈေးကြီးအရှေ့ ပြည်ထောင်စုလမ်းမကြီး၌ ဆောင်ရွက်ခဲ့ကြသည်။
အဆိုပါလှုပ်ရှားမှုကို ပလောက်မြို့ နယ်မြေမီးသတ်စခန်းမှ လက်ထောက်မီးသတ်ဦးစီးမှူးနှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဝန်ထမ်းများ ပူးပေါင်းဆောင်ရွက်ခဲ့ကြခြင်းဖြစ်ပြီး မီးသတ်ဦးစီးဌာနမှ ထုတ်ဝေထားသည့် မီးဘေးလုံခြုံရေး ပညာပေးလက်ကမ်းစာစောင်များအားဖြန့်ဝေပေးကာ မော်တော်ကားနှင့် မော်တော်ဆိုင်ကယ်များတွင် မီးသတ်ဦးစီးဌာနသို့ အရေးပေါ်ဆက်သွယ်နိုင်သည့် (191) စာသားပါ စတေကာများ ကပ်နှိပ်ပေးခဲ့ကြသည်။
အဆိုပါဆောင်ရွက်ခြင်းသည် ပူပြင်းသောရာသီသို့ရောက်ရှိလာပြီဖြစ်၍ ပြည်သူများမီးဘေးအန္တရာယ်မဖြစ်ပေါ်စေရေးနှင့် ကြိုတင်ကာကွယ်ဆောင်ရွက်နိုင်စေရန်၊ မီးဘေးအန္တရာယ် ဖြစ်ပေါ်လာပါက အရေးပေါ် ဆက်သွယ်ဆောင်ရွက်နိုင်စေရန် အသိပညာပေးဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။
နှင်းမြူလွင် (ပလောက်)