ဂန့်ဂေါ ဖေဖော်ဝါရီ ၁၅
မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့နယ်တွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၏လမ်းညွှန်မှုဖြင့် ကလေးသူငယ်များအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းကို စဉ်ဆက်မပြတ်ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက် (၈)နာရီအချိန်မှစတင်၍ မွေးစမှ အသက်ငါးနှစ်အောက်ကလေးငယ်များ ပုံမှန်ကာကွယ်ဆေးထိုးနှံပေးခြင်းကို ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် မြို့နယ်မိခင်နှင့်ကလေးကျန်းမာရေးဌာနတို့တွင် စုရပ်(၂)နေရာခွဲ၍ ကာကွယ်ဆေးများကို စတင်ထိုးနှံ/တိုက်ကျွေးပေးလျက်ရှိသည်။
ထိုသို့ ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်းကို ဂန့်ဂေါခရိုင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးမှူး-၁၊ ဦးထွန်းဇော်လင်း ဦးဆောင်သည့် မွေးစမှ အသက်ငါးနှစ်အောက် ကလေးငယ်များကို ပြင်းထန်ဝမ်းပျက်ဝမ်းလျှောကာကွယ်ဆေး(သောက်ဆေး)၊ ပိုလီယိုအကြောသေကာကွယ်ဆေး(သောက်ဆေး)၊ ပိုလီယိုအကြောသေကာကွယ်ဆေး(ထိုးဆေး)၊ ပြင်းထန်အဆုပ်ရောင်(PCV)၊ ဂျပန်ဦးနှောက်ရောင်ကာကွယ်ဆေး(JE)၊ ဝက်သက်-ဂျိုက်သိုးဆေး၊ ငါးမျိုးစပ်ကာကွယ်ဆေး(ဆုံဆို့-ကြက်ညှာ-မေးခိုင်-အသည်းရောင်အသားဝါ(B)၊ အဆုပ်ရောင်ရောဂါ)ကာကွယ်ဆေး၊ ဆုံဆို့/မေးခိုင်ကာကွယ်ဆေး၊ တီဘီရောဂါကာကွယ်ဆေးများကို ကလေးများ၏ အသက်အရွယ်အလိုက် သတ်မှတ်အကြိမ်အတိုင်း ထိုးနှံ/ တိုက်ကျွေးပေးခဲ့ကြသည်။
ကာကွယ်ဆေးများထိုးနှံ/တိုက်ကျွေးရာသို့ မြို့ပေါ် (၄)ရပ်ကွက်နှင့် ဂန့်ဂေါမြို့နယ်အတွင်းရှိ ရှုံးရှီ၊ ဇာဟော၊ လက်ပန်၊ ပိုဦး၊ ပျား၊ ခေါက်ခူ၊ မကျည်းခင်၊ မင်းရွာ၊ ဘော်ပြင်းကျေးရွာများမှလည်းကောင်း၊ ကျောမြို့မှ ကျော၊ ရေမျက်နီ၊ အင်းနား၊ ဇင်းဇယ်နှင့် ရေပုတ်ကျေးရွာများမှလည်းကောင်း ကာကွယ်ဆေးများ လာရောက်ထိုးနှံခဲ့ကြသည်။
အဆိုပါ ကာကွယ်ဆေးထိုးနှံပေးမှုများကို ဂန့်ဂေါခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ခေတ္တဥက္ကဋ္ဌ ဒုတိယဗိုလ်မှူးကြီး ရဲရန်ပိုင်နှင့် တာဝန်ရှိသူများက ကြည့်ရှုအားပေးကာ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်းနှင့် ကာကွယ်ဆေးထိုးနှံ/တိုက်ကျွေးခြင်းကို ဖေဖော်ဝါရီလ ၁၅ ရက်နေ့မှ ၁၇ ရက်နေ့အထိ ဆက်လက်ထိုးနှံ/တိုက်ကျွေးပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
မောင်မျိုးမင်း(ပြန်/ဆက်)