ပွင့်ဖြူမြို့နယ် မဲဇလီရေလွှဲဆည်မှ နွေသီးနှံအတွက် စိုက်ပျိုးရေများ စတင်ဖြန့်ဝေပေး

ပွင့်ဖြူ ဖေဖော်ဝါရီ ၁၅

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနက မြို့နယ်အတွင်းရှိ ဒေသခံတောင်သူများ နွေသီးနှံ အချိန်မီစိုက်ပျိုးနိုင်ရန် ရည်ရွယ်၍ မဲဇလီရေလွှဲဆည်မှ ဆည်ရေများကို ယနေ့နံနက်ပိုင်းကစပြီး စိုက်ပျိုးရေများ ဖြန့်ဝေပေးနေပြီဖြစ်ကြောင်း ပွင့်ဖြူမြို့နယ် ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ သိရသည်။

ပွင့်ဖြူမြို့နယ် ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနက ဒေသတွင်း သီးနှံစိုက်ပျိုးစွမ်းအား တိုးတက်မြင့်မားစေရေးအတွက် ဒေသခံတောင်သူများ ရာသီအလိုက် သီးနှံများ အချိန်မီ စိုက်ပျိုးနိုင်ရန်နှင့် စိုက်ပျိုးရေ ဖူလုံစွာ ရယူသုံးစွဲနိုင်ရန် နှစ်စဉ် မဲဇလီရေလွှဲဆည်မှ ဆည်ရေများကို တောင်မုန်းမြောင်းမကြီးနှင့် မြောက်မုန်းမြောင်းမကြီးတို့မှတစ်ဆင့် လယ်ယာမြေစိုက်ခင်းများအရောက် စနစ်တကျ ဖြန့်ဝေဆောင်ရွက်ပေးလျက်ရှိသည်။ ယခုနှစ် နွေသီးနှံ စိုက်ပျိုးရာသီတွင်လည်း ဒေသခံတောင်သူများ နွေစပါးနှင့် အခြားနွေသီးနှံ အချိန်မီ စိုက်ပျိုးသွားနိုင်ရေးအတွက် တောင်မုန်းမြောင်းမကြီးမှတစ်ဆင့် စိုက်ပျိုးရေများ စတင်ဖြန့်ဝေဆောင်ရွက်ပေးနေပြီဖြစ်ကြောင်း သိရသည်။

“ဒီနှစ် နွေသီးနှံစိုက်ပျိုးရာသီအတွက် ဒေသတွင်းရှိ တောင်သူတွေ နွေစပါးနှင့် အခြားနွေသီးနှံ အချိန်မီ စိုက်ပျိုးနိုင်ဖို့ မဲဇလီရေလွှဲဆည်မှ ဆည်ရေများကို  ဖေဖော်ဝါရီ (၁၅)ရက်နေ့ နံနက်ပိုင်းကစပြီး တောင်မုန်းမြောင်းမကြီးမှတစ်ဆင့် စိုက်ပျိုးရေများ စတင်ဖြန့်ဝေပေးနေပြီဖြစ်ပါတယ်။ နွေသီးနှံစိုက်ပျိုးရေးလုပ်ငန်းအတွက် ဆည်ရေပေးဝေမှုအနေနဲ့ တောင်မုန်းမြောင်းမကြီးဆည်ရေသောက်ဧရိယာမှာ နွေစပါးအတွက် ဖြန့်ဝေသွားမှာဖြစ်ပြီး မြောက်မုန်းမြောင်းမကြီး ဆည်ရေသောက်ဧရိယာမှာ နွေနှမ်းနဲ့ အခြားနွေသီးနှံအတွက် စိုက်ပျိုးရေဖြန့်ဝေပေးမှာဖြစ်ပါတယ်။ နွေနှမ်းနဲ့ အခြား နွေသီးနှံအတွက် မတ်လ (၇)ရက်နေ့မှာ စိုက်ပျိုးရေ ဖြန့်ဝေပေးသွားမှာဖြစ်ပါတယ်။  စိုက်ပျိုးရေဖြန့်ဝေပေးခြင်းကို ဖေဖော်ဝါရီလ (၁၅)ရက်နေ့ကစပြီး ဇွန်လ (၁၅)ရက်နေ့အထိ ဖြန့်ဝေပေးသွားမှာဖြစ်ပါတယ်။ ဒေသခံတောင်သူတွေကိုလည်း နွေသီးနှံစိုက်ပျိုးရေးနဲ့ပတ်သက်ပြီး စိုက်ပျိုးရေများ ရယူသုံးစွဲရာတွင် ဆည်ရေလေလွင့်ဆုံးရှုံးမှုမရှိအောင် စနစ်တကျ ရယူသုံးစွဲကြဖို့ ကြိုတင်အသိပေး နှိုးဆော်ထားပါတယ်”ဟု ပွင့်ဖြူမြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

ပွင့်ဖြူမြို့နယ်၌ ယခုနှစ် နွေသီးနှံစိုက်ပျိုးရာသီတွင် မဲဇလီရေလွှဲဆည်ရေဖြင့် နွေစပါး ၃၃၂၃၅ ဧက၊ နွေနှမ်း ၂၇၁၉၃ ဧက၊ စုစုပေါင်း နွေသီးနှံစိုက်ဧက ၆၀၄၂၈ ဧက လျာထားစိုက်ပျိုးဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပွင့်ဖြူမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

လှိုင်ဝင်းလေး (ပွင့်ဖြူမြေ)