မြိတ် ဖေဖော်ဝါရီ ၁၅
မြိတ်တက္ကသိုလ်တွင် တက္ကသိုလ်ကျောင်းသား/ သူများ ကျန်းမာကြံ့ခိုင်ရေးနှင့် အားကစားကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး၊ မျိုးဆက်သစ်ပိုက်ကျော်ခြင်း အားကစားသမားများ မွေးထုတ်ပေးနိုင်ရေးအတွက် ဘာသာရပ်ပေါင်းစုံ ပိုက်ကျော်ခြင်းပြိုင်ပွဲကို ဖေဖော်ဝါရီ (၁၅) ရက် နံနက်ပိုင်းက ကျင်းပခဲ့သည်။
ပြိုင်ပွဲကို မြိတ်တက္ကသိုလ် အားကစားနှင့် ကာယပညာကော်မတီ နာယက၊ ပါမောက္ခချုပ် ဒေါက်တာနေသွယ်ကြည်က အမှာစကားပြောကြား၍ ဖွင့်လှစ်ပေးသည်။ ထို့နောက် ပြိုင်ပွဲဝင် အားကစားသမားများက အားကစားသစ္စာအဓိဌာန်ရွတ်ဆိုခဲ့ကြပြီး မြန်မာစာဌာနအသင်းနှင့် သင်္ချာဌာနအသင်းတို့ ပြိုင်ပွဲစတင်ယှဉ်ပြိုင်ခဲ့ကြရာ ပါမောက္ခချုပ်နှင့် ဆရာ/ မများ၊ ကျောင်းသား/ သူများမှ ကြည့်ရှုအားပေးခဲ့ကြသည်။
အဆိုပါပြိုင်ပွဲကို မြိတ်တက္ကသိုလ် ဘာသာရပ်ပေါင်းစုံမှ ပြိုင်ပွဲဝင်အသင်း (၈) သင်း ပြိုင်ပွဲဝင်အားကစားသမား (၅၀) ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး ပြိုင်ပွဲဝင်အားကစားသမားများက သုံးယောက်တွဲပြိုင်ပွဲနှင့် နှစ်ယောက်တွဲပြိုင်ပွဲများဖြင့် ယှဉ်ပြိုင်ကစားကြမည်ဖြစ်ကာ ပြိုင်ပွဲကို ဖေဖော်ဝါရီ (၁၅) ရက်မှ (၁၈) ရက်နေ့အထိ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
ခိုင်ထူး(ပြန်/ဆက်)