ဓနုဖြူ ဖေဖော်ဝါရီ ၁၅
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်တွင် ရှေးဦးပြုစုခြင်း (အခြေခံ) သင်တန်းဖွင့်ပွဲ အနားကို ယနေ့နံနက် ၉နာရီအချိန်က အမှတ် (၁) အခြေခံပညာ အထက်တန်းကျောင်း၊ တေဇခန်းမ၌ ကျင်းပခဲ့သည်။
အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်မိုးလွင်က အဖွင့်အမှာစကားပြောကြားပြီး၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှူး ဦးလှမျိုးသန့်က ကြက်ခြေနီအသင်းပေါ်ပေါက်လာပုံသမိုင်းအကြောင်း၊ ရှေးဦးပြုစုခြင်းအကြောင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်၍ တိုင်းဒေသကြီးကြက်ခြေနီတပ်ဖွဲ့မှူး ဦးဝင်းမြင့်မှ သင်တန်းအတွက် အလှူငွေများ ပေးအပ်ချီးမြှင့်ခဲ့ပြီး၊ အမှတ် (၁) အခြေခံ ပညာအထက်တန်းကျောင်း၊ ကျောင်းအုပ်ဆရာမကြီး ဒေါ်ရင်နုက ကျေးဇူးတင်စကား ပြောကြားခဲ့သည်။ အဆိုပါ ရှေးဦးပြုစုခြင်း (အခြေခံ) သင်တန်းကို ဖေဖော်ဝါရီလ ၁၅ ရက်နေ့မှ ၁၇ ရက်နေ့အထိ (၃) ရက်ကြာ သင်ကြားပို့ချသွားမည်ဖြစ်ပြီး သင်တန်းသို့ သင်တန်းသား/ သင်တန်းသူ၊ ကျောင်းသား၊ ကျောင်းသူ (၃၈) ဦး တက်ရောက်သွားမည်ဖြစ်ကြောင်း သိရသည်။
အောင်ပြည့်ဖြိုးဇော်(ပြန်/ဆက်)