ကန့်ဘလူ ဖေဖော်ဝါရီ ၁၅
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန၌ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြောပွဲ၊ စာအုပ်စာစောင်၊ နံရံကပ်စာစောင်၊ ဓာတ်ပုံပြပွဲကို ယမန်နေ့နံနက် ၉ နာရီခွဲက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အကြီးတန်းစာရေး ဒေါ်သန်းသန်းမြင့်က ကလေးအလုပ်သမားဖြစ်ရခြင်း အကြောင်းရင်းများ၊ ကလေးအလုပ်သမား၏အဓိပ္ပါယ်၊ ကလေးအလုပ်သမား၏ အသက်အရွယ်နှင့် အလုပ်ချိန်ကန့်သတ်ချက်များ၊ ကလေးအလုပ်သမားပပျောက်ရေး ရည်မှန်းချက်သုံးရပ်၊ ပြစ်မှုပြစ်ဒဏ်များ၊ ကလေးအလုပ်သမားများနှင့်ပတ်သက်သည့် အပြည်ပြည်ဆိုင်ရာ ပြဋ္ဌာန်းချက်များကို အသိပညာပေး ဆွေးနွေးဟောပြောခဲ့သည်။
ထို့နောက် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ခင်းကျင်းပြသထားသည့် သုတရသစာအုပ်စာစောင်များ၊ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အသိပညာပေးနံရံကပ်စာစောင်နှင့် ဓာတ်ပုံများကို တက်ရောက်လာသူ အ.ထ.က(၁)ကန့်ဘလူမှ ကျောင်းသား၊ ကျောင်းသူများက ဖတ်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။
အောင်ဝင်းငြိမ်း(ကန့်ဘလူ)