ဘုတ်ပြင်း ဖေဖော်ဝါရီ ၁၅
တနင်္သာရီတိုင်းဒေသကြီး ဘုတ်ပြင်းခရိုင် ဘုတ်ပြင်းမြို့ မြို့မဈေးကြီးတွင် မီးဘေးကြိုတင်ကာကွယ်ရေးဇာတ်တိုက်လေ့ကျင့်ခြင်းကို မြို့နယ်မီးသတ်ဦးစီးဌာနနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့ပူပေါင်း၍ ယနေ့နံနက်က အောက်မင်္ဂလာရပ်ကွက်ရှိ မြို့မဈေးကြီးတွင် ပြုလုပ်ခဲ့သည်။
မြို့နယ်မီးသတ်ဦးစီးမှူး ဦးဝင်းမင်းစိုးက မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးပြောကြားပြီး မီးငြှိမ်းသတ်ခြင်းနှင့်ပတ်သက်၍ အရေးပေါ်မီးလောင်မှုဖြစ်ပေါ်လာပါက မီးသတ်ဆေးဗူးဖြင့် မီးငြှိမ်းသတ်နည်း၊ ဂစ်မီးအသုံးပြုသူများအနေဖြင့် မီးလောင်မှုဖြစ်ပေါ်လာပါက၊ အရေးပေါ်မီးငြှိမ်းသတ်နည်း၊ မီးသတ်ဆေးဗူးမရရှိနိုင်သည့်အခါ ရေစိုအဝတ်ဖြင့် အောက်ဆီဂျင်ဖြတ်တောက်၍ မီးငြှိမ်းသတ်နည်းများလက်တွေ့ပြသခြင်း၊ ဈေးသူဈေးသားများကိုယ်တိုင်ပါဝင်ပြီး လက်တွေမီးငြှိမ်းသတ်ခြင်းနှင့် မီးသတ်တပ်ဖွဲ့ဝင်များက ရေသယ်ယာဉ်၊ မီးငြှိမ်းသတ်ယာဉ်တို့ဖြင့် စုပေါင်းမီးငြှိမ်းသတ်ခြင်းကို ဇာတ်တိုက်လေ့ကျင့်ခဲ့ကြောင်း သိရသည်။
အဆိုပါ ဇာတ်တိုက်လေ့ကျင့်ဆောင်ရွက်ရာတွင် ဘုတ်ပြင်းခရိုင် ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးအေးနိုင်၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီညီနှင့်အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်ဌာနဆိုင်ရာများ၊ ဈေးကော်မတီဝင်များ၊ မြို့မဈေးကြီးအတွင်းရှိ ဈေးရောင်းနေသူများနှင့်ဈေးဝယ်သူများ၊ သန္ဓေတပ်ဖွဲ့ဝင်များနှင့်အရန်မီးသတ်တပ်ဖွဲ့ဝင်တို့ ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့ကြသည်။
ယင်းနောက် ပူးပေါင်းအဖွဲ့များက ပွင့်လင်းရာသီရောက်ရှိလာပြီဖြစ်၍ ပြည်သူများ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအတွက် မြို့အဝင်အထွက်ဂိတ်နှင့် မြို့ပေါ်ရပ်ကွက်များတွင် ခရီးသွားလာနေသူများ၊ ဒေသခံပြည်သူများအား မီးသတ်ဦးစီးဌာနမှထုတ်ဝေထားသည့် မီးဘေးလုံခြုံရေးပညာပေး စာစောင်များဖြန်ဝေခြင်း၊ မော်တော်ဆိုင်ကယ်၊ မော်တော်ကားများတွင် မီးသတ်ဦးစီးဌာနသို့ အရေးပေါ်ဆက်သွယ်နိုင်သည့် 191 စာသားပါ Sticker ကပ်ခြင်းတို့ကို အသိပညာပေး ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
မြို့နယ်ပြန်/ဆက်
 
     
     
     
    