ထားဝယ် ဖေဖော်ဝါရီ ၁၅
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့နယ်အတွင်းရှိ ရဟန်းရှင်လူပြည်သူများ၊ ဒေသခံပြည်သူများ၊ ဝန်ထမ်းများ၊ ဝန်ထမ်းမိသားစုဝင်များ ပျော်ရွှင်ချမ်းမြေ့စေရန် ရည်ရွယ်ကျင်းပသည့် (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ပြခန်းများနှင့် စတိတ်ရှိုး စင်တင်တေးဂီတဖျော်ဖြေရေးတီးဝိုင်းတွင် ဖေဖော်ဝါရီ ၁၂ ရက်နေ့နှင့် ၁၃ ရက်နေ့ ညနေပိုင်းများက ထားဝယ်မြို့၊ ရွှေဝယ်သီရိအားကစားရင်ပြင်၌ ကျင်းပရာ လာရောက်ကြည့်ရှုသူများဖြင့် စည်းကားလျက်ရှိကြောင်း သိရသည်။
ထို့သို့ တေးဂီတဖျော်ဖြေသို့ လာရောက်ပါဝင်ဆင်နွှဲကြသော ပြည်သူလူထုများကို လုံခြုံစိတ်ချစွာ ပျော်ရွှင်စွာပါဝင်ဆင်နွှဲနိုင်စေရန်အတွက် ရင်ပြင်အတွင်းသို့ ဝင်ရောက်စဉ် တာဝန်ရှိသူများက ဝင်ပေါက်ဂိတ်များတွင် လုံခြုံရေးအရ လိုအပ်သည့် စစ်ဆေးမှုများပြုလုပ်ပြီး ဖျော်ဖြေပွဲဝန်းကျင်နေရာများနှင့် အနီးဝန်းကျင်များကိုလည်း သက်ဆိုင်ရာ လုံခြုံရေးတာဝန်ရှိသူများက ဆောင်ရွက်ပေးလျက်ရှိသည်။
ထို့ပြင် လာရောက်ပါဝင်ဆင်နွှဲကြသူများ စားရေးသောက်ရေး အဆင်ပြေစွာ ဝယ်ယူစားသောက်နိုင်ရန်အတွက် ရင်ပြင်အတွင်း စားသောက်ဆိုင်များ၊ ဈေးဆိုင်ခင်းများ၊ အမှတ်တရလက်ဆောင်ပစ္စည်းဆိုင်များ၊ ဒေသရိုးရာအစားစာများကို ရောင်းချပေးလျက်ရှိရာ ဝယ်ယူအားပေး စားသောက်ကြသူများဖြင့် စည်းကားလျက်ရှိသည်။
၂၀၂၅-ခုနှစ်၊ (၇၈)နှစ်မြောက် ပြည်ထောင်နေ့အထိမ်းအမှတ်ပြခန်းတွင် ဌာနဆိုင်ရာများ၏ လုပ်ငန်းဆောင်ရွက်ချက်များကို ခင်းကျင်းပြသထားလျက်ရှိရာ ဒေသခံပြည်သူများတို့က စိတ်ပါဝင်စားစွာ ကြည့်ရှုအားပေးကြခဲ့ကြပြီး လာရောက်ကြည့်ရှုသူများအား တေးဂီတများဖြင့် သီဆိုဧည့်ခံဖျော်ဖြေလျက်ရှိကြောင်း သတင်းရရှိသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)