ကျိုက်လတ်၌ ရှေးဦးပြုစုခြင်း(အခြေခံ)သင်တန်း အမှတ်စဉ် (၁/၂၀၂၅) သင်တန်းဆင်းပွဲ ကျင်းပ

ကျိုက်လတ် ဖေဖော်ဝါရီ ၁၅

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်ကြီးကြပ်မှုဖြင့် မြို့နယ်ပညာရေးဌာနနှင့် မြို့နယ်ကြက်ခြေနီအသင်းတို့မှ ပူးပေါင်းဖွင့်လှစ်သော ရှေးဦးပြုစုခြင်း(အခြေခံ)သင်တန်း အမှတ်စဉ်(၁/၂၀၂၅)သင်တန်းဆင်းပွဲကို ယမန်နေ့နံနက် (၁၀) နာရီက အမှတ် (၃) အခြေခံပညာအထက်တန်းကျောင်း၊ ငုရွှေဝါခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်ကြက်ခြေနီအသင်းနာယက ဦးမင်းအောင်က အဖွင့်အမှာစကားပြောကြားပြီး ဒုတိယမြို့နယ်ပညာရေးမှူး ဦးအောင်သက်က သင်တန်းဆင်းအမှာစကားပြောကြားခဲ့သည်။ ထို့နောက် မြို့နယ်ကြက်ခြေနီအသင်းခွဲ၏ အကြံပေးဆရာကြီး ဦးစိန်ဝှီးက အမှာစကားပြောကြားရာတွင် ယနေ့ကမ္ဘာပေါ်တွင် ရင်ဆိုင်ကြုံတွေ့နေရသည့် အရေးပေါ်အခြေအနေများတွင် ကြက်ခြေနီအခြေခံမူ (၇) ချက်မှ လူသားချင်းစာနာထောက်ထားခြင်းဆိုသည့်အချက်ကို ရပ်ရွာလူထုအားလုံးထံ ပျံ့နှံ့ရောက်ရှိဆောင်ရွက်ကြပြီး ကြက်ခြေနီအသင်းသား အားလုံးတို့သည် အရေးပေါ်အခြေအနေကိုကူညီနိုင်ရန် အခြေခံသင်တန်းများ၊ အရေးပေါ် အသက်ကယ်နည်းတို့ကို စနစ်တကျလေ့ကျင့်သင်ထားကြရန်၊ လူသားတိုင်းကိုခွဲခြားမှုမရှိ နှလုံးသား ဖြင့် ဖေးမကူညီကြရန် ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်၍ သင်တန်းတွင် ပထမ၊ ဒုတိယ၊ တတိယ ထူးချွန်ဆုရရှိသူများနှင့် သင်တန်းသား၊ သင်တန်းသူတို့အား သင်တန်းဆင်းလက်မှတ်များကို သက်ဆိုင်ရာတာဝန်ရှိသူများက ပေးအပ်ခဲ့ပြီးနောက် မြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့ မြို့နယ်တပ်ဖွဲ့မှူး ဦးခင်စိုးက ကြက်ခြေနီအသင်းခွဲ အနေဖြင့် သင်တန်းဖွင့်လှစ်ခွင့်ရရှိသည့်အတွက် ပံ့ပိုးကူညီသူများနှင့် တက်ရောက်လာကြသူများအား ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြကြောင်း သိရသည်။

လှိုင်မင်းအောင်