တနင်္သာရီမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၌ ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ တုံ့ပြန်ကာကွယ်ဆေးတိုက်ကျွေးခြင်းလုပ်ငန်း အသိပေးဆွေးနွေးပွဲပြုလုပ်

တနင်္သာရီ ဖေဖော်ဝါရီ ၁၅

တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန အစည်းအဝေးခန်းမအတွင်း၌ ဖေဖော်ဝါရီလ ၁၄ရက်နေ့ မွန်းလွှဲပိုင်းအချိန်က မြို့နယ်အတွင်း ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ ဖြစ်ပွားမှုလျောနည်းပပျောက်စေရေးအတွက် ပြင်းထန်ဝမ်းပျက်ဝမ်းလျော့ရောဂါ တုံ့ပြန်ကာကွယ်ဆေးတိုက်ကျွေးခြင်းလုပ်ငန်းများ အသိပေးဆွေးနွေးပွဲအခမ်းအနားကို ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားသို့ အမှတ် (၂) စစ်နယ်မြေမှူးဗိုလ်မှူးကြီးမျိုးမင်းသူ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူး မြို့နယ်ရဲတပ်ဖွဲ့မှူးရဲမှူးမင်းအောင်နှင့်အဖွဲ့ဝင်များ ဖိတ်ကြားထားသော ဌာနဆိုင်ရာအကြီးအကဲများ၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနတာဝန်ခံ ဒေါက်တာနွေးဟေမာသင်းနှင့်ဆရာမများ၊ မြို့နယ်ကုသရေးဦးစီးဌာနမှ ဒေါက်တာလင်းထိုက်စိုးနှင့်ရုံးအဖွဲ့များ၊ အ.ထ.က-တနင်္သာရီ ကျောင်းအုပ်ဆရာကြီး ဦးအေးနိုင်နှင့်ဆရာမများ၊ မြို့နယ်ကြက်ခြေနီအသင်းခွဲဥက္ကဋ္ဌ ဦးဇော်ဇော်အောင်နှင့်တပ်ဖွဲ့ဝင်များ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက် ရေးအသင်းနှင့် အမျိုးသမီးရေးရာအဖွဲ့တာဝန်ခံ ဒေါ်သက်မြတ်ထူးနှင့်အဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ စုစုပေါင်းအင်အား (၄၀)ဦး တက်ရောက်ကြသည်။

ရှေးဦးစွာ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန တာဝန်ခံဒေါက်တာနွေးဟေမာသင်းက အခမ်းအနား ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များနှင့် ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါဖြစ်စဉ်အကြောင်း၊ အဓိကဦးတည်အုပ်စုဖြစ်သည့် သန့်လေးသန့်နှင့်မညီဘဲ တစ်ကိုယ်ရေသန့်ရှင်းမှုအားနည်းသည့် နေရာ/ ဒေသများရှိ အသက်တစ်နှစ်ခွဲနှင့်အထက် အသက်ကြီးရင့်သူများအထိ ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ တုံ့ပြန်ကာကွယ်ဆေးတိုက်ကျွေးခြင်းလုပ်ငန်းဆိုင်ရာ မြို့နယ်အတွင်း ဆောင်ရွက်ပေးမည့်အစီအမံများ၊ ကာကွယ်ဆေးတိုက်ရန် မသင့်တော်သူများ၊ ဆေးတိုက်ကျွေးရန် စေတနာ့ဝန်ထမ်းအဖွဲ့များဖွဲ့၍ ဖေဖော်ဝါရီလ (၁၇/၁၈/၁၉) ရက်နေ့အထိ (၃) ရက်အကြာ ဆေးတိုက်ကျွေးရန် နည်းလမ်းများကို သင်တန်းပို့ချပေးမည့် အစီအစဉ်များကို ရှင်းလင်းအသိပေး တင်ပြဆွေးနွေးပါသည်။

ထို့နောက် အမှတ် (၂) စစ်နယ်မြေမှူး ဗိုလ်မှူးကြီး မျိုးမင်းသူက အဆိုပါကာကွယ်ဆေးများ အချိန်မီရရှိရေးနှင့် ကာကွယ်ဆေးတိုက်ကျွေးမည့်နေရာများသို့ သွားရောက်တိုက်ကျွေးနိုင်ရေးအတွက် ပူးပေါင်းဆောင်ရွက်ပေးနိုင်ရေး လမ်းညွှန်မှာကြားသည်။

တနင်္သာရီမြို့နယ်အတွင်း ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါဖြစ်ပွားမှုမှာ တနင်္သာရီမြို့ပေါ်ရပ်ကွက်များ၌ (၆၀၀၀) ဦးခန့်၊ မောတောင်မြို့၌ (၈၀၀၀) ဦး၊ တမုတ်ချုန်းကျေးရွာအုပ်စု-ရေဖြူရွာတွင် (၁၈၀၀) ဦးနှင့် ဆင်ခြေဖုန်းကျေးရွာအုပ်စု-စတိန်သောင်ကျေးရွာ၌ (၂၃၃) ဦးစုစုပေါင်း (၁၆၀၃၃) ဦးရှိရာ ဖေဖော်ဝါရီလကုန်အမီ တိုက်ကျွေးပေးသွားမည်ဖြစ်ကြောင်း သိရသည်။

နန်းသာရီ-ထိန်ဝင်း(ပြန်ဆက်)