ထားဝယ် ဖေဖော်ဝါရီ ၁၅
မြန်မာတို့၏ ၁၂ လရာသီများအနက် တပို့တွဲလတွင် မြန်မာ့ရိုးရာဓလေ့ဖြစ်သည့် စုပေါင်းအားဖြင့်ပြုလုပ်ရသော မြန်မာ့ရိုးရာထမနဲထိုးပြိုင်ပွဲကို ဖေဖော်ဝါရီလ ၁၃ ရက်နေ့ မွန်းလွဲပိုင်းက ထားဝယ်မြို့၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးဝင်းအတွင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
မြန်မာလူမျိုးတို့၏ ရိုးရာဓလေ့မပျောက်ပျက်အောင် ထိန်းသိမ်းစောင့်ရှောက်တတ်စေရန်၊ ဝန်ထမ်းများအချင်းချင်း စည်းလုံးညီညွတ်မှုနှင့် တစ်စိတ်တစ်ဝမ်းတည်း ပူးပေါင်းဆောင်ရွက်တတ်ကြစေရန် ရည်ရွယ်၍ ကျင်းပခြင်းဖြစ်သည်။
ထမနဲထိုးပြိုင်ပွဲတွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အမျိုးသမီးရေးရာ၊ မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့၊ မိသားစုစည်းရုံးရေးနှင့် စည်းကမ်းထိန်းသိမ်းရေးအဖွဲ့များမှ ဌာနအကြီးအမှူးများနှင့် အရာထမ်း၊ အမှုထမ်းတို့က အုပ်စု (၇)အုပ်စုဖွဲ့၍ မြန်မာ့ရိုးရာထမနဲထိုးပြိုင်ပွဲကို တစ်ပျော်တစ်ပါး ပါဝင်ဆင်နွဲကြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဝန်ကြီးများက လှည့်လည်ကြည့်ရှုအားပေးခဲ့ကြသည်။
ထို့နောက် အကဲဖြတ်ဒိုင်အဖွဲ့ဝင်များက စိစစ်ရွေးချယ်အကဲဖြတ်အမှတ်ပေးခဲ့ကြပြီး တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကိုနှင့် တာဝန်ရှိသူများက ပါဝင်ယှဉ်ပြိုင်ကြသည့် ဝန်ထမ်းအဖွဲ့များအား ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သတင်းရရှိသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)