ခမောက်ကြီး ဖေဖော်ဝါရီ ၁၅
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ခမောက်ကြီးမြို့တွင် ကျောင်းအကျိုးဝောာ်ဆောင်အဖွဲ့နှင့် မိဘဆရာအသင်းတို့မှ ကြီးမှူးကျင်းပသော မြန်မာ့ရိုးရာဆယ်နှစ်လရာသီပွဲတော်တစ်ခုဖြစ်သည့် တပို့တွဲလ ထမနဲထိုးပြိုင်ပွဲကို ခမောက်ကြီးမြို့ အခြေခံပညာအထက် တန်းကျောင်းတွင် ယမန်နေ့မွန်းလွဲပိုင်းက ကျင်းပခဲ့သည်။
အဆိုပါ ထမနဲထိုးပြိုင်ပွဲတွင် ကျောင်းကောင်စီအသင်းများအလိုက် အသင်းတစ်သင်းတွင် ဆရာ (၂) ဦး၊ မိဘ (၄) ဦး၊ ကျောင်းသား/ သူ (၄) ဦး ၊ စုစုပေါင်း (၁၀) ဦးဖြင့် နေ့လည် (၃) နာရီမှ (၄) နာရီထိ ကြာချိန် (၁) နာရီအတွင်း ထမနဲထိုးပြိုင်ပွဲ ယှဉ်ပြိုင်ခဲ့ကြပြီး အကဲဖြတ်ဒိုင်တို့မှ အကဲဖြတ်အမှတ် ပေးခဲ့ကြရာ ပထမဆုကို ကျန်စစ်သားအသင်းမှလည်းကောင်း၊ ဒုတိယဆုကို အလောင်းဘုရားအသင်းမှလည်းကောင်း၊ တတိယဆုကို ဘုရင့်နောင်အသင်းနှင့် အနော်ရထာအသင်းနှင့် ဗန္ဓုလအသင်းတို့မှ နှစ်သိမ့်ဆုများရရှိခဲ့ကြသည်။ ထမနဲထိုးပွဲများကို အစိုးရဌာန၊ ရပ်ကွက်၊ ကျေးရွာများပါမကျန် တူညီဝတ်စုံများဖြင့် နေရာဒေသအသီးသီးတွင် ကျင်းပကြပြီး အကဲဖြတ်ဒိုင်လူကြီးမင်းများကလည်း အရသာတစ်ခုတည်းနှင့်အကဲဖြတ်ခြင်းမဟုတ်ပဲ အသင်းအဖွဲ့၏ စည်းလုံးခြင်းစိတ်ဓာတ်၊ စီမံခန့်ခွဲမှု၊ သန့်ရှင်းသန့်ရပ်မှု၊ ပူးပေါင်း ဆောင်ရွက်မှုတို့ကို အလေးထား၍ အကဲဖြတ်ရွေးချယ်ကြသည်။
ထမနဲ၏ ပါဝင်ပစ္စည်းများမှာ ကောက်ညှင်း၊ အုန်းသီး၊ မြေပဲ၊ နှမ်း၊ ဆီ၊ သကြား၊ ဆား၊ ဂျင်း စသည့် အဓိကပါဝင်ပစ္စည်းများဖြင့် ပြုလုပ်ရသော မုန့်တစ်မျိုးဖြစ်ပြီး ထိုလတွင် ထမနဲထိုးရခြင်း၏ ရည်ရွယ်ချက် တစ်စိတ်တစ်ပိုင်းအနေဖြင့် ကောက်ညှင်းဆန်ဖြင့်ထိုးရသောကြောင့် ကောက်ညှင်း၏ သဘောသဘာဝမှာ စေးကပ်မှုရှိပြီး အားထည့်၍ ထိုးရသောကြောင့် ချွေးများဖြင့် ပူလောင်လာပြီး အေးချမ်းမှုများပပျောက်ကာ ထိုလ၏ ရာသီဥတုနှင့် ကိုက်ညီမှုရှိကြောင်း သိရသည်။
ခမောက်ကြီး (ပြန်/ဆက်)