မုံရွာ ဖေဖော်ဝါရီ ၁၅
စစ်ကိုင်းတိုင်းဒေသကြီးအတွင်း စားရေရိက္ခာဖူလုံရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နံနက်ပိုင်းတွင် မုံရွာမြို့၊ တိုင်းဒေသကြီးစိုက်ပျိုးရေးဦးစီးဌာနရုံးရှိ အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ရာ အစည်းအဝေးသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ တိုင်းဒေသကြီးစိုက်ပျိုးရေးကြီးကြပ်မှုအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်က မိမိတို့တိုင်းဒေသကြီးသည် စိုက်ပျိုးရေးအားဖြင့် အရေးပါသည့် တိုင်းဒေသကြီးဖြစ်ပြီး ဆန်၊ စားသုံးဆီနှင့် ပဲ ဖူလုံမှုအားကောင်းသည့် တိုင်းဒေသကြီးတစ်ခုဖြစ်ကာ တိုင်းဒေသကြီးစီးပွားရေး၏ ၃၀ ရာခိုင်နှုန်းကျော်သည် စိုက်ပျိုးရေးအပေါ် မူတည်နေပါကြောင်း၊ တိုင်းဒေသကြီး၏ စားရေရိက္ခာဖူလုံရေးနှင့် စိုက်ပျိုးစွမ်းအားမြှင့်တင်နိုင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိရာတွင် စပါး၊ ပဲမျိုးစုံနှင့် ဆီထွက်သီးနှံအပါအဝင် စိုက်ပျိုးသီးနှံ ၆၀ ကျော်အား ရာသီအလိုက် စိုက်ပျိုးထုတ်လုပ်လျက်ရှိပါကြောင်း၊ တိုင်းဒေသကြီးအတွင်း နှစ်စဉ်စိုက်ပျိုးလျက်ရှိသည့် စပါး၊ ဆီထွက်သီးနှံနှင့် ဝါသီးနှံအပါအဝင် သီးနှံမျိုးစုံအား စိုက်ဧကလျာထားချက်ပြည့်မီရေးနှင့် ပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် စိုက်ပျိုးရေးကြီးကြပ်မှုကော်မတီအဖွဲ့ဝင်များနှင့် ဒေသခံတောင်သူများက ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း၊ လယ်ယာကဏ္ဍနှင့် သားငါးကဏ္ဍများ၏ စားရေရိက္ခာဖူလုံရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိရာတွင် မိမိတို့တိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့် ဘက်စုံကဏ္ဍစုံမှ ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ပြောကြားခဲ့သည်။
ဆက်လက်ပြီး တိုင်းဒေသကြီးမြေစာရင်းဦးစီးဌာနမှ ညွှန်ကြားရေးမှူးက တိုင်းဒေသကြီးအတွင်း လယ်ယာမြေများသုံးစွဲ၍ ရာသီအလိုက် သီးနှံမျိုးစုံစိုက်ပျိုးနေမှု အခြေအနေများအားလည်းကောင်း၊ တိုင်းဒေသကြီးဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန (ဆည်မြောင်း)မှ ညွှန်ကြားရေးမှူးက တိုင်းဒေသကြီးအတွင်း ဆည်တမံများမှ စိုက်ပျိုးရေပေးဝေနေမှုအခြေအနေများအားလည်းကောင်း၊ တိုင်းဒေသကြီးဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန(ရေအရင်းအမြစ်)မှ ဒုတိယညွှန်ကြားရေးမှူးက လျှပ်စစ်မြစ်ရေတင်လုပ်ငန်းများမှ စိုက်ပျိုးရေပေးဝေနေမှုအခြေအနေအားလည်းကောင်း၊ တိုင်းဒေသကြီးစက်မှုလယ်ယာဦးစီးဌာနမှ ညွှန်ကြားရေးမှူးက လယ်ယာသုံးစက်ကိရိယာများသုံးစွဲနေမှုနှင့် ပေးအပ်ထားရှိမှုအခြေအနေများအားလည်းကောင်း၊ တိုင်းဒေသကြီးမွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူးက အသား/ဉ မွေးမြူထားရှိမှုများနှင့် ကုသရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေများအားလည်းကောင်း၊ တိုင်းဒေသကြီးငါးလုပ်ငန်းဦးစီးဌာနမှ ညွှန်ကြားရေးမှူးက တိုင်းဒေသကြီးအတွင်းရှိ ငါးမွေးကန်များတွင် ပြည်သူများငါးစားသုံးမှု ဖူလုံစေရန်အတွက် လုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေများအားလည်းကောင်း၊ တိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးက တိုင်းဒေသကြီးအတွင်း စားရေရိက္ခာဖူလုံရေး သီနှံမျိုးစုံ စိုက်ပျိုးထားရှိမှုအခြေအနေများအားလည်းကောင်း အသီးသီးရှင်းလင်း ပြောကြားခဲ့ကြသည်။
ဆက်လက်ပြီး တိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနရုံးမှ ဒုတိယဦးစီးမှူး ဒေါ်စောသန္တာနွယ်က နှမ်းသီးနှံပန်းတိုင်အထွက်နှုန်းရရှိရေး လိုက်နာဆောင်ရွက်ရမည့် နည်းလမ်းများအားလည်းကောင်း Power Point ဖြင့် ရှင်းလင်းတင်ပြခဲ့ကြသည်။
ဆက်လက်၍ တိုင်းဒေသကြီး လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးက တိုင်းဒေသကြီးအတွင်း စားရေရိက္ခာဖူလုံရေးလုပ်ငန်းများဆောင်ရွက်နေမှုလုပ်ငန်းများနှင့်ပတ်သက်၍ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေး ပြောကြားခဲ့သည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က အစည်းအဝေးသို့ တက်ရောက်လာသူများ၏ ဆွေးနွေးတင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ပြီး နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရှိရသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)