ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါတုံ့ပြန်ကာကွယ်ဆေး(OCV)တိုက်ကျွေးခြင်းလုပ်ငန်း ဆောင်ရွက်နိုင်ရေးအတွက် တိုင်းဒေသကြီးအဆင့် အသိပေးရှင်းလင်းတင်ပြခြင်းအခမ်းအနား ကျင်းပ

  • မကွေး ဖေဖော်ဝါရီ ၁၅

မကွေးတိုင်းဒေသကြီးအတွင်း ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါတုံ့ပြန်ကာကွယ်ဆေး(OCV) တိုက်ကျွေးခြင်းလုပ်ငန်းဆောင်ရွက်နိုင်ရေးအတွက် တိုင်းဒေသကြီးအဆင့် အသိပေးရှင်းလင်းတင်ပြခြင်းအခမ်းအနားကို ဖေဖော်ဝါရီလ ၁၃ ရက်နေ့ မွန်းလွဲပိုင်းက မကွေးမြို့နယ် စုပေါင်းရုံးအစည်းအဝေခန်းမ၌ ကျင်းပရာ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင့်လွင်၊ မကွေးတပ်နယ်မှ အကြီးအကဲများ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် ဇနီးများ၊ တက္ကသိုလ်အသီးသီးမှ ပါမောက္ခချုပ်များ၊ ဆေးရုံအုပ်ကြီးများ၊ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ တိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်က ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနအနေဖြင့် ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ ဖြစ်ပွားမှုများပြားခဲ့သည့် ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မွန်ပြည်နယ်တို့တွင် ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါတုံ့ပြန်ကာကွယ်ဆေး(OCV)တိုက်ကျွေးခြင်းလုပ်ငန်းကို ဆောင်ရွက်ခဲ့ပြီးဖြစ်ပါကြောင်း၊ ယခုအကြိမ်တွင် မကွေးတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းတွင် တိုက်ကျွေးမည်ဖြစ်ပြီး မကွေးတိုင်းဒေသကြီးအတွင်း ရောဂါဖြစ်ပွားမှုများရှိခဲသည့် မကွေးမြို့နယ်၊ မင်းလှမြို့နယ်နှင့် ပခုက္ကူမြို့နယ်တို့တွင် တိုက်ကျွေးပေးသွားမည်ဖြစ်ပါကြောင်း၊ (OCV)ကာကွယ်ဆေးတိုက်ကျွေးခြင်းအား မကွေးတိုင်းဒေသကြီးအတွင်း၌ (၁၇-၂-၂၀၂၅) ရက်နေ့မှ စတင်ဆောင်ရွက်မှာဖြစ်ပြီး ကာကွယ်ဆေးရရှိမှုအရေအတွက်အရ (၅)ရက်မှ (၇)ရက်အတွင်း အပြီးသတ်ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ (OCV)ကာကွယ်ဆေး တိုက်ကျွေးရာတွင် အဓိက ဦးစားပေးတိုက်ကျွေးရမည့် ဦးတည်အုပ်စုများမှာ ကျူးကျော်ရပ်ကွက်နေပြည်သူများ၊ လူနေထူထပ်ပြီး ပတ်ဝန်းကျင်သန့်ရှင်းမှုအားနည်းသည့် နေရာများတွင် နေထိုင်သူများ၊ ရွှေ့ပြောင်းသူအုပ်စုများ၌ အသက်(၁)နှစ်အထက် ပြည်သူလူထုများအားလုံးကို ဦးစားပေး တိုက်ကျွေးရမှာဖြစ်ပြီး သန့်ရှင်းသော သောက်သုံးရေ၊ သန့်ရှင်းသောအိမ်သာတို့ကို အလွယ်တကူလက်လှမ်းမီသော ပြည်သူများ၊ လူနေမှုအဆင့်အတန်း မြင့်မားသူများအနေဖြင့် လတ်တလောတွင် ကာကွယ်ဆေး သောက်သုံးရန် မလိုအပ်သေးကြောင်းလည်း သိရှိရပြီး ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ ဖြစ်ပွားနိုင်ခြေများသည့် ဦးတည်အုပ်စုများကိုသာ ကာကွယ်ဆေး ရာနှုန်းပြည့် လွှမ်းခြုံနိုင်ရန် ပိုမိုအရေးကြီးပါကြောင်းကို ပြည်သူလူထု နားလည်သဘောပေါက်လက်ခံရန် ကျန်းမာရေးအသိပညာပေးခြင်း၊ သတင်းအချက်အလက်ပေးခြင်းတို့ကို ကျန်းမာရေးဝန်ထမ်းများအား နှီးနွယ်ဌာနဆိုင်ရာ ဝန်ထမ်းများမှ ကူညီဆောင်ရွက်သွားကြရမှာဖြစ်ပါကြောင်း၊ (OCV)ကာကွယ်ဆေးတိုက်ကျွေးမှု (၁၀၀)ရာခိုင်နှုန်း လွှမ်းခြုံမှုရရှိစေရန် ကျန်းမာရေးဝန်ထမ်းများအနေဖြင့် ဆေးတိုက်ကျွေးခြင်းလုပ်ငန်းအား မှတ်တမ်းပြုစုခြင်း၊ သတင်းပေးပို့ခြင်း၊ ကွင်းဆင်းကြီးကြပ်ခြင်းနှင့် ပြည်သူလူထုများအား ကျန်းမာရေးအသိပညာပေးခြင်း၊ လူထုစည်းရုံးရေးလုပ်ငန်းများ အထူးအလေးပေးဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါတုံ့ပြန်ကာကွယ်ဆေး (၁)လုံးသည် အမေရိကန်(၂.၅) ဒေါ်လာတန်ဖိုးရှိသည့်အတွက် ကာကွယ်ဆေးများ လေလွင့်မှုမရှိစေရန် အဆင့်ဆင့်ကြီးကြပ်ဆောင်ရွက်ကြရန်၊ ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ တုံ့ပြန်ကာကွယ်ဆေးတိုက်ကျွေးခြင်းလုပ်ငန်းကို သတ်မှတ်ရက်များအတွင်း စနစ်တကျ အောင်မြင်စွာ တိုက်ကျွေးဆောင်ရွက်နိုင်မည်ဟူ၍လည်း ယုံကြည်ပါကြောင်းနှင့် တိုက်ကျွေးမှုလုပ်ငန်းအဆင့်တိုင်းတွင် အောင်မြင်စေရန် ကြိုးစားဆောင်ရွက်ပေးရန် ပြောကြားခဲ့သည်။

ဆက်လက်၍ တိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးက ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါတုံ့ပြန်ကာကွယ်ဆေး (OCV) တိုက်ကျွေးခြင်းလုပ်ငန်းဆိုင်ရာများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့ကြောင်း သိရသည်။

မောင်ညီညာ