ကော့သောင်းမြို့ အ.ထ.က (ဆယ်မိုင်) ကျောင်းတွင် လူငယ်စကားဝိုင်းဆွေး‌နွေးပွဲ ကျင်းပ

ကော့သောင်း ဖေဖော်ဝါရီ ၁၅

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့တွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ ကျောင်းသား/ ကျောင်းသူ လူငယ်အချင်းချင်း အသိပညာဗဟုသုတများ ဖလှယ်တတ်စေရန်အတွက် လူငယ်စကားဝိုင်း ဆွေးနွေးပွဲကို ကော့သောင်းမြို့ (ဆယ်မိုင်) အခြေခံပညာအထက်တန်းကျောင်းတွင် ယမန်နေ့နံနက်ပိုင်းက ကျင်းပခဲ့ရာ အဆိုပါအခမ်းအနားသို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ စား‌သုံးသူရေးရာဦးစီးဌာနနှင့် ဆရာ၊ ဆရာမများ၊ အထက်တန်းနှင့် အလယ်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။

အဆိုပါ အခမ်းအနားတွင် ခရိုင်ပြန်ကြား‌ရေးနှင့်ပြည်သူ့ဆက်ဆံ‌ရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြား‌ရေးမှူး ဒေါ်တင်သူဇာလှိုင်မှ ကျောင်းသား၊ ကျောင်းသူလူငယ်များ အသိပညာများ တိုးတက်လာစေရန်၊ ပရိသတ်အရှေ့တွင် ရဲဝံ့စွာပြောဆိုသည့် အလေ့အထများ ရှိလာစေရန်၊ လူငယ်အချင်းချင်း အသိပညာအတတ်ပညာ ဖလှယ်တတ်ကြစေရန်၊ တစ်ဦးနဲ့တစ်ဦး ယဉ်ကျေးရည်မွန်စွာ ပူးပေါင်းဆောင်ရွက်တတ်စေရန်၊ အမှား၊ အမှန်ခွဲခြား တတ်စေရန်နှင့် စဉ်းစားဆင်ခြင်ဉာဏ်တိုးတက်စေရန် ရည်ရွယ်၍ ယခုကဲ့သို့လူငယ်စကားဝိုင်းများ ကျင်းပရခြင်းဖြစ်ကြောင်း အဖွင့်အမှာစကားပြောခဲ့သည်။

ယင်းနောက် လူငယ်စကားဝိုင်းဆွေးနွေးပွဲကို ဆက်လက်ကျင်းပခဲ့ရာ ပြန်ကြား‌ရေးနှင့် ပြည်သူ့ဆက်ဆံ‌ရေးဦးစီးဌာနမှ ဒေါ်တင်သူဇာလှိုင်က Moderator အဖြစ်ပြုလုပ်၍ Grade-12 ကျောင်းသူ မအေးချယ်ရီဦးက ယနေ့ခေတ်‌လူနေမှုဘဝနှင့်ကျန်းမာရေး ခေါင်းစဉ်ဖြင့် လည်းကောင်း၊ Grade-11 ကျောင်းသူ မ‌‌မေမြတ်နိုးလူငယ်နှင့်ကျန်းမာရေး ခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade-10 ကျောင်းသူ မသွယ်သွယ်ထွန်းက လူငယ်နှင့်အနာဂတ် ခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade-9 ကျောင်းသူမရင်ရင်စိုးက လူငယ်နှင့်တာဝန်သိတတ်မှု ခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade-10 ကျောင်းသား မောင်အောင်ထွန်းဦးက လူငယ်နှင့်စာရိတ္တ ခေါင်းစဉ်ဖြင့် ဆွေးနွေးပြောကြားခဲ့ကြသည်။

အဆိုပါ ဆွေးနွေးခဲ့သည့် ခေါင်းစဉ်တစ်ခုချင်းစီအလိုက် လူငယ်စကားဝိုင်းအခမ်းအနားသို့ တက်ရောက်လာကြသော ကျောင်းသား‌/သူများက ဆွေးနွေးခဲ့ကြသော အကြောင်းအရာများအပေါ် သိလိုသည်များအား မေးမြန်းခဲ့ကြရာ စကားဝိုင်းဆွေးနွေးကြသည့် ကျောင်းသား/ သူများနှင့် သက်ဆိုင်ရာဌာနအသီးသီးမှ တာဝန်ရှိသူများက ပြန်လည်ဖြေကြား ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)