ပွင့်ဖြူ ဖေဖော်ဝါရီ ၁၅
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ တောင်သူများ သီးနှံအထွက်နှုန်း တိုးတက်ကောင်းမွန်စေရန်နှင့် စိုက်ပျိုးထုတ်လုပ်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်လာစေရန် ရည်ရွယ်၍ ရုရှားနေကြာ (၉) မျိုး စံပြကွက်မျိုး ယှဉ်ပြိုင်စမ်းသပ်စိုက်ပျိုးအောင်မြင်ဖြစ်ထွန်းမှု အခြေအနေအား တောင်သူပညာပေး ကွင်းသရုပ်ပြပွဲကို ဖေဖော်ဝါရီ ၁၃ ရက်နေ့က ပွင့်ဖြူမြို့နယ် လက်ခုပ်ကျေးရွာ တောင်သူ ဦးတင်စိုး၏ ကွင်းအမှတ် (၈၉၇) နေကြာစိုက်ခင်းတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
တောင်သူပညာပေး ကွင်းသရုပ်ပြပွဲတွင် ရှေးဦးစွာ ပွင့်ဖြူမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်မိုးမိုးဝေက ကွင်းသရုပ်ပြပွဲ ကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်နှင့် သီးနှံများစိုက်ပျိုးရာတွင် စိုက်နည်းစနစ်များ မှန်ကန်ပြီး စိုက်ပင်အရေအတွက် ပြည့်မီအောင် စိုက်ပျိုးရေး၊ ရောဂါပိုးမွှားကျရောက်မှု ကင်းဝေးစေရန် ကြိုတင်ကာကွယ်ရမည့် အချက်များ၊ သီးနှံအရည်အသွေး ကောင်းမွန်ရေး ဓာတုဆေးဝါးသုံးစွဲမှုလျော့ချရေး၊ တစ်ပိုင်တစ်နိုင် သဘာဝပိုးသတ်ဆေး ပြုလုပ်သုံးစွဲရေး နည်းလမ်းများကို ရှင်းလင်းဆွေးနွေးပြောကြားသည်။
ထို့နောက် မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများအဖွဲ့က ပွင့်ဖြူမြို့နယ် လက်ခုပ်ကျေးရွာ တောင်သူ ဦးတင်စိုး၏ ကွင်းအမှတ် (၈၉၇) လယ်မြေတွင် ရုရှားနေကြာ (၉) မျိုး စံပြကွက်မျိုး ယှဉ်ပြိုင်စမ်းသပ်စိုက်ခင်းအတွင်း မျိုးတစ်မျိုးချင်းစီအလိုက် စိုက်ပျိုးအောင်မြင်ဖြစ်ထွန်းမှု အခြေအနေအား တောင်သူပညာပေး ကွင်းသရုပ်ပြသရာ တက်ရောက်လာသည့် ဒေသခံတောင်သူများက စိတ်ဝင်တစား လေ့လာကြည့်ရှုကြပြီး ဒေသနှင့်ကိုက်ညီသော နေကြာသီးနှံမျိုးများ တိုးချဲ့စိုက်ပျိုးနိုင်ရေးအတွက် သိရှိလိုသည်များကို မေးမြန်းဆွေးနွေးရာ တာဝန်ရှိသူများက ရှင်းလင်းဖြေကြားပေးခဲ့သည်။
အဆိုပါ တောင်သူပညာပေးကွင်းသရုပ်ပြပွဲသို့ ပွင့်ဖြူမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများ၊ လက်ခုပ်ကျေးရွာနှင့် အနီးဝန်းကျင်ကျေးရွာများမှ ဖိတ်ကြားထားသည့် ဒေသခံတောင်သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
လှိုင်ဝင်းလေး (ပွင့်ဖြူမြေ)