ဘားအံ ဖေဖော်ဝါရီ ၁၅
ကရင်ပြည်နယ်၊ ဘားအံမြို့တွင် အနာဂတ်လူငယ်များ ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂဗလ ငါးတန်ဖွံ့ဖြိုးစေရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးအတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာသင်တန်းကျောင်း (ဘားအံ)တို့ ပူးပေါင်း၍ လူငယ်စကားဝိုင်းဆွေးနွေးပွဲကို ဖေဖော်ဝါရီ ၁၃ ရက်နေ့ နံနက်ပိုင်းက ဘားအံမြို့နယ်၊ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာသင်တန်းကျောင်း (ဘားအံ) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ဘားအံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စိုးစိုးအေးက လူငယ်များအနေဖြင့် ဗလငါးတန်ဖွံ့ဖြိုးစေရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေး၊ လူငယ်ကဏ္ဍကို မြှင့်တင်ဆောင်ရွက်ရေးအတွက် လူငယ်များ ဦးဆောင်ဆွေးနွေးသည့် လူငယ်စကားဝိုင်းကို ကျင်းပပြုလုပ်ရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် လူငယ်စကားဝိုင်းဆွေးနွေးပွဲကို ကျင်းပရာ အစီအစဉ်တင်ဆက်သူအဖြစ် ဘားအံခရိုင် လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စိုးစိုးအေးက ဆောင်ရွက်ပြီး အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာသင်တန်းကျောင်း(ဘားအံ)မှ သင်တန်းသူ နန်းနွေးနွေးလှိုင်က “ဆွေးမျိုးမတော်စပ်သော ဆွေမျိုးများနှင့်လူငယ်တွေအတွက် လူကြီးတွေပြင်ဆင်သင့်တဲ့အရာများ” ခေါင်းစဉ်ဖြင့် လည်းကောင်း၊ သင်တန်းသူ နန်းနွေဦးမေက “အစွမ်းထက်သော သွက်လက်သော ထက်မြက်သောနှင့် ဂုဏ်ယူစရာကြိုးစားစရာများ” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ သင်တန်းသူ မရွှန်းလဲ့ဖြိုးက “မဖြေနိုင်လျှင်မအောင်ချင်နှင့် စိတ်ကူးလမ်းကြောင်း အပိတ်အဖွင့်” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ သင်တန်းသူ မဇွန်ဇွန်ဦးက “ပညာတတ်ဖို့ စာဖတ်ရမည်နှင့် စာစီစာကုံးကိုယ်စွမ်းကိုယ်စ” ခေါင်းစဉ်ဖြင့်လည်းကောင်း အသီးသီး ဆွေးနွေးခဲ့ကြရာ စကားဝိုင်းဆွေးနွေးပွဲသို့ တက်ရောက်လာသော သင်တန်းသူများက သိရှိလိုသည်များ မေးမြန်းကြရာ စကားဝိုင်း ဦးဆောင်ဆွေးနွေးသူ သင်တန်းသူများ၊ ကရင်ပြည်နယ် စာကြည့်တိုက်ဖောင်ဒေးရှင်းအဖွဲ့ဝင် ဆရာမဒေါ်မာလာထွန်းအုန်းတို့က မေးခွန်းများကို ပြန်လည် ဖြေကြားခဲ့ပြီး စကားဝိုင်းဆွေးနွေးပွဲသို့ တာဝန်ခံကျောင်းအုပ်ဆရာမကြီးနှင့် သင်တန်းနည်းပြ ဆရာမများနှင့် သင်တန်းသူ စုစုပေါင်း (၄၀) ဦးခန့် တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)