မော်လမြိုင်ကျွန်းမြို့နယ်၌ ပြည်သူ့စစ်မှုထမ်း ဥပေဒ၊ နည်းဥပဒေ အသိပညာပေးဆွေးနွေးပွဲပြုလုပ်

မော်လမြိုင်ကျွန်း ဖေဖော်ဝါရီ ၁၄

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်၌ ပြည်သူ့စစ်မှုထမ်းဥပဒေ၊ နည်းဥပဒေ အသိပညာပေးဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းက တန့်ငူကျေးရွာအုပ်စု၊ ကွမ်းခြံချောင်းကျေးရွာ၊ အောင်တော်မူသာသနာ့ရောင်ခြည်ကျောင်းတိုက် အတွင်းရှိ ဧကာယနမဂ္ဂင်အဆောက်အအုံ၌ ကျင်းပသည်။

ဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခင်မောင်ဦးက ပြည်သူများအား ပြည်သူ့စစ်မှုထမ်းဥပဒေ၊ နည်းဥပဒေဆိုင်ရာများသိရှိနားလည်စေရန် ပြည်သူလူထုတစ်ရပ်လုံး ပူးပေါင်းပါဝင်ပံ့ပိုးကူညီဆောင်ရွက်နိုင်စေရန်၊ လူမှုကွန်ရက်မီဒီယာများနှင့် တရားမဝင်သတင်းဌာနများက ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ သတင်းမှားများကို အယုံလွယ်လမ်းမှားမရောက်ရှိစေရေး တရားဝင်သတင်းဌာနများ၏ ထုတ်ပြန်ချက်များကိုသာ လေ့လာနိုင်ရေး အသိပညာပေးဆောင်ရွက်ရန်ရည်ရွယ်၍ ဆောင်ရွက်ခြင်းဖြစ်ပါကြောင်း၊ ပြည်သူ့စစ်မှုထမ်းရန် မသင့်လျော်သူများကိုလည်း အကြောင်းမဲ့သက်သက်ခေါ်ယူမှာ မဟုတ်oလို ယခုကာလတွင်လည်း အမျိုးသမီးများကိုပြည်သူ့စစ်မှုထမ်းခေါ်ယူရန်မရှိသေးကြောင်းကိုသတင်းထုတ်ပြန်ထားရှိပြီး ဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။

ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် (၁) ဗိုလ်မှူးမင်းလွင်က စစ်မှုထမ်းဥပဒေနှင့်စပ်လျဉ်း၍ စစ်မှုထမ်းဆောင်ရန် အကျုံးဝင်သူများအား ဆင့်ခေါ်ခြင်း၊ ပြည်သူ့စစ်မှုထမ်းသင်တန်းများသို့ စေလွှတ်ခြင်းများဆောင်ရွက်ရာတွင် ငွေကြေးကောက်ခံခြင်း၊ ရယူခြင်းများပြုလုပ်သဖြင့် မလိုလားအပ်သည့်ပြဿနာများဖြစ်ပေါ်လျက်ရှိရာ တာဝန်ရှိသူအဆင့်ဆင့်မှ ကြပ်မတ်ဆောင်ရွက်ရန်အကြောင်းကြားထားရှိပြီး ဖြစ်သော်လည်း အချို့မြို့နယ်များ၌ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများမှ ငွေကြေးကောက်ခံမှု၊ ရယူမှုများရှိနေသဖြင့် တိုင်ကြားမှုများဖြစ်ပေါ်လျက်ရှိပြီး စစ်မှုထမ်းဆောင်ရန်ဆောင်ရွက်သည့် လုပ်ငန်းစဉ်မှန်သမျှသည် ပြည်သူလူထုနှင့်ထိတွေ့ဆက်ဆံရသည့်လုပ်ငန်းစဉ်များဖြစ်၍ ငွေကြေးကောက်ခံမှု၊ ရယူမှုမရှိစေရေးရပ်ကွက်/ကျေးရွာအဆင့်အထိ အလေးထားလိုက်ပါဆောင်ရွက်နိုင်စေရေးနှင့် အရွယ်ရောက်သူ နိုင်ငံသားအားလုံး နိုင်ငံချစ်စိတ်၊ မျိုးချစ်စိတ်ဖြင့် အမျိုးသားစစ်မှုထမ်းစနစ်တွင် ပါဝင်ထမ်းဆောင်ကြရန်နှင့် အားပေးကူညီပံ့ပိုးပေးကြပါရန် ပြည်သူလူထုအား ချပြရှင်းလင်းဆွေးနွေးသည်။

ထို့နောက် တက်ရောက်လာသောပြည်သူများက သိရှိလိုသည်များကို အသီးသီးဆွေးနွေးတင်ပြကြရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်က တင်ပြချက်များနှင့်စပ်လျဉ်း၍ ပြန်လည်ဆွေးနွေးပေးခဲ့ပြီး နိဂုံးချုပ်စကားပြောကြားခဲ့ကြောင်း သိရှိရပါသည်။

ရဲကိုမောင် (ပြန်/ဆက်)