ဟင်္သာတမြို့နယ်၊ သဲရိုးကျေးရွာ အခြေခံပညာအထက်တန်းကျောင်း (ခွဲ)တွင် နယ်လှည့်အသိပညာပေး ဟောပြောပွဲပြုလုပ်

ဟင်္သာတ ဖေဖော်ဝါရီ ၁၄

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတမြို့နယ် သဲရိုးကျေးရွာ အခြေခံပညာအထက်တန်းကျောင်း (ခွဲ) တွင် ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနနှင့် အားကစားနှင့်ကာယပညာဦးစီးဌာနတို့ပူးပေါင်း၍ နယ်လှည့်အသိပညာပေးဟောပြောပွဲကို ယနေ့နံနက်ပိုင်းတွင် သဲရိုးကျေးရွာ အခြေခံပညာအထက်တန်း‌ကျောင်း (ခွဲ) တွင် ပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် ဟင်္သာတမြို့နယ်အားကစားနှင့် ကာယပညာ‌ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ဖြိုးစန္ဒာဝင်းက" အားကစားသိပ္ပံကျောင်း" အကြောင်း‌ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်အေးအေးမာက "စာဖတ်ခြင်း၏ အကျိုးကျေးဇူး" ခေါင်းစဉ်ဖြင့် လည်းကောင်း၊ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးမိုးကျော်က" စားသုံးသူကာကွယ်ရေးနှင့်ပတ်သက်၍ သိကောင်းစရာအကြောင်းအရာများနှင့် စားသုံးသူဥပဒေများ သိကောင်းစရာများ"ခေါင်းစဉ်များဖြင့် အသီးသီးဟောပြောခဲ့ကြသည်။

အဆိုပါ ဟောပြောပွဲအပြီးတွင် ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းစာကြည့်တိုက်အတွက် စာအုပ်၊ စာစောင်များ၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ ကျောင်းသား/သူများအတွက် ခြင်းလုံးတို့ကို ကျောင်းအုပ်ဆရာမကြီး ဒေါ်ဇာဇာချို ထံလှူဒါန်းခဲ့ပြီး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ‌ရေးဦးစီးဌာနမှ မှူးယစ်ဆေးဝါး အန္တရာယ်အသိပညာပေး နံရံကပ်စာစောင်များနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး အသိပညာပေးနံရံကပ်စာစောင်တို့ကို ပြသခဲ့ပါသည်။ အဆိုပါ ဟောပြောပွဲကို ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာမများကျောင်းသား/သူ စုစုပေါင်း (၂၀၀) ဦး တက်ရောက်ခဲ့ကြသည်။

ဟင်္သာတ

ခရိုင် (ပြန်/ဆက်)