မုံရွာမြို့၌ ၂၀၂၅ ခုနှစ် (၁၁၀)နှစ်ပြည့် မြန်မာနိုင်ငံကလေးများနေ့ အထိမ်းအမှတ်ပျော်ပွဲရွှင်ပွဲ အခမ်းအနားကျင်းပ

မုံရွာ ဖေဖော်ဝါရီ ၁၄

လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန စစ်ကိုင်းတိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးဌာန၏အနီးကပ်ကြီးကြပ်မှုဖြင့် မုံရွာမြို့ နန္ဒဝန်မူလတန်းကြိုကျောင်းမှကြီးမှူးပြီး ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ(၁၃)ရက်တွင် ကျရောက်သည့် (၁၁၀)နှစ်ပြည့် မြန်မာနိုင်ငံ ကလေးများနေ့ အထိမ်းအမှတ် ပျော်ပွဲရွှင်ပွဲအခမ်းအနားကို ယန့နံနက်(၈)နာရီက စစ်ကိုင်းတိုင်းဒေသကြီး လူမှုဝန်ထမ်းရုံးတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ဦးစွာစစ်ကိုင်းတိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါ်လှိုင်မိုးမြတ်က ၂၀၂၅ ခုနှစ် မြန်မာနိုင်ငံကလေးများနေ့ အကြောင်းအား အကျယ်တဝင့် ရှင်းလင်းအမှာစကား ပြောကြားပြီးနောက် တက်ရောက်လာကြသည့် တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်များ၊ မိဘများက နန္ဒဝန်မူလတန်းကြိုကျောင်းမှ သားငယ်သမီးငယ်များ၏ ဂုဏ်ပြုကြစို့၊ ဘယ်လိုက၊ လက်တွဲညီညာနေ့၊ ပြည်ထောင်စုပျော်ပွဲ၊ ရှမ်းအိုးစည်၊ ကစားဖော်များ၊ ရခိုင်ပြည်နယ်အလည်သွား၊ ကရင်ဒုံးယိမ်းအကတို့ဖြင့် ကပြသီဆိုဖျော်ဖြေမှုတို့အား ကြည့်ရှုအားပေးခဲ့သည်။
ဆက်လက်ပြီး ညွှန်ကြားရေးမှူး ဒေါ်လှိုင်မိုးမြတ်နှင့် တာဝန်ရှိသူများက နန္ဒဝန်မူလတန်းကြို ကျောင်းမှ သားငယ်သမီးငယ် စုစုပေါင်း ၁၀၀ ဦးအား အမှတ်တရ လက်ဆောင်ပစ္စည်းများနှင့် အာဟာရမုန့်မျိုးစုံကို လက်ဝယ်အရောက် ပေးအပ်ချီးမြှင့်ခဲ့ကာ အမှတ်တရ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုကူးခဲ့ပြီး အခမ်းအနားကို ရုပ်သိမ်းလိုက်ကြောင်း သိရသည်။

ထို့နောက်ညွှန်ကြားရေးမှူး ဒေါ်လှိုင်မိုးမြတ် ဦးဆောင်သော တာဝန်ရှိသူများက ၂၀၂၅ ခုနှစ် မြန်မာနိုင်ငံ ကလေးများနေ့ အထိမ်းအမှတ် လေ့လာရေးအနေဖြင့် နန္ဒဝန်မူလတန်းကြိုကျောင်းမှ သားငယ်သမီးငယ် စုစုပေါင်း ၁၀၀ ဦးတို့အား တိုင်းဒေသကြီး မီးသတ်ဦးစီးဌာနရုံးသို့ သွားရောက် ပို့ဆောင်ပြီး တိုင်းဒေသကြီး မီးသတ်ဦးစီးဌာန ခန်းမတွင် တိုင်းဒေသကြီး မီးသတ်ဦးစီးမှူး ညွှန်ကြားရေးမှူး ဦးသန်းထွဋ်ဦးနှင့် တာဝန်ရှိသူများက သားငယ်သမီးငယ်များအား ရေခဲလူသား Video Clip ကို ပြသပြီး အာဟာရ သာကူယိုများ တိုက်ကျွေးခဲ့ကြသည်။

ဆက်လက်ပြီး တိုင်းဒေသကြီး မီးသတ်ဦးစီးမှူး ညွှန်ကြားရေးမှူးနှင့် တာဝန်ရှိသူများက အဆိုပါ ရုံးရှေ့တွင် မီးငြိမ်းသတ်နည်းများကို သားငယ်သမီးငယ်များအား လက်တွေ့ပြသ ဆောင်ရွက်ပေးရာ သားငယ်သမီးငယ်များမှ စိတ်ပါဝင်စားစွာ မီးငြိမ်းသတ်မှုသရုပ်ပြသမှုအား ပါဝင်ဆောင်ရွက်ခဲ့ကြပြီးနောက် တိုင်းဒေသကြီးမီးသတ်ဦးစီးဌာနရုံး ဝန်ထမ်းမိသားစုများက သားငယ်သမီးငယ်များအတွက် အာဟာရမုန့်မျိုးစုံကို ပေးအပ်ခဲ့ကြောင်း သိရသည်။

အလားတူနေ့လယ်(၁)နာရီက မုံရွာမြို့ ရုံးကြီးရပ်ကွက်ရှိ မုံရွာမူလတန်းကြို ကျောင်းခန်းမတွင် လည်း ၂၀၂၅ ခုနှစ်၊ မြန်မာနိုင်ငံ ကလေးများနေ့ အထိမ်းအမှတ် ပျော်ပွဲရွှင်ပွဲအခမ်းအနားကို စည်းကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့ရာ သားငယ်သမီးငယ် ၁၆၃ ဦးက ကလေးများနေ့ ပြည်ထောင်စု‌ပျော်ပွဲ၊ မူကြိုကျောင်းတို့ ဗိုလ်ချုပ်၊ဗိုလ်တေဇ၊ လက်တွဲညီညာနေ့၊ Head, Shoulde, Knee and Toes၊ Three Little Bears စသည့် တေးသီချင်းပေါင်း(၈)ခုဖြင့် ‌ပျော်ရွှင်စွာ ပါဝင်ကပြသီဆိုဆင်နွှဲခဲ့ကြပြီး ညွှန်ကြားရေးမှူး ဒေါ်လှိုင်မိုးမြတ်နှင့် တာဝန်ရှိသူများက အမှတ်တရ ပစ္စည်းလက်‌ဆောင်များ ပေးအပ်ခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)