ဝါးခယ်မ ဖေဖော်ဝါရီ ၁၄
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနတို့ ပူးပေါင်း၍ စာဖတ်ရှိန်မြင့်မားရေးနှင့် ဗလငါးတန်ဖွံ့ဖြိုးစေရန်အတွက် အောက်သက္ကယ်ကျေးရွာအုပ်စု အ.ထ.က(ခွဲ) ကျန်းမာကုန်းကျောင်းသို့ သွားရောက်၍ လူငယ်စကားဝိုင်းနှင့်လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါဟောပြောပွဲတွင် အ.ထ.က(ခွဲ)ကျန်းမာကုန်းကျောင်းအုပ်ဆရာကြီး ဦးတင်မောင်သန်းနှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား ကျောင်းသူများ စုစုပေါင်း ၂၀၀ ကျော်ခန့် တက်ရောက်ကြပြီး အားကစားနှင့်ကာယပညာဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ဖြူနှင်းဖွေးကမျိုးဆက်သစ် အားကစားသမားများ ပေါ်ထွန်းစေရန် အားကစားသိပ္ပံကျောင်းတက်နိုင်စေရန် အသိပညာပေးခြင်း၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ရီရီလွင်က မျိုးချစ်စိတ်ဓါတ်ရှိရန်၊ အောင်မြင်သူများဖြစ်ရန် စာဖတ်ကြစေချင် ခေါင်းစဥ်များဖြင့် ဟောပြောခဲ့ကြပြီး ကျောင်းသား/ကျောင်းသူများက စာပေဖတ်ရှုခြင်းဖြင့်ဘဝအောင်မြင်တိုးတက် သူများဖြစ်ရန်ခေါင်းစဥ်ဖြင့် လူငယ်စကားဝိုင်းကို ဆက်လက်ဆောင်ရွက်ခဲ့သည်။
စာဖတ်သည့် အလေ့အကျင့်ကောင်းများနှင့် ဗဟုသုတရှိစေရန် သုတ/ရသစာအုပ်စာစောင်များ၊ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး နံရံကပ်ဗီနိုင်းတို့ကို ပြသပေးခဲ့သည်။
ထို့ပြင်အားကစားနှင့်ကာယပညာဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ဖြူနှင်းဖွေးကဘောလုံး အားကစားပစ္စည်းနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိဒေါ်ရီရီလွင်က လူငယ်စကားဝိုင်းတွင် ပါဝင်သော ကျောင်းသား၊ ကျောင်းသူများအတွက် ဗလာစာအုပ်များကို လက်ဆောင်ပေးအပ်ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)
